အမာမြို့အနီး လေဆင်နှာမောင်းကြောင့် နေအိမ် ၂၈ လုံးပျက်စီး
DVB
·
July 20, 2018
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် အမာမြို့အနီးမှာရှိတဲ့ ခေတ္တာကျွန်းကျေးရွာမှာ ဒီကနေ့ မနက် ၄ နာရီ ၅၀ မိနစ်အချိန်မှာ လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် လူနေအိမ်၊ ဈေးဆိုင်နဲ့ အလုပ်ရုံ စုစုပေါင်း ၂၈ လုံး ပျက်စီးခဲ့ပြီး ရေယာဉ် ၁ စီး တိမ်းမှောက်ခဲ့ပါတယ်။
လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ခေတ္တာကျွန်းကျေးရွာမှာ လူနေအိမ် ၂၂ လုံး၊ အလုပ်ရုံ ၃ ရုံ၊ ဈေးဆိုင် ၁ လုံး၊ ဆိတ်တင်းကုတ် ၂ လုံးတို့ ပြိုကျပျက်စီး အမိုးလန်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒါ့အပြင် ကမ်းမှာကပ်ထားတဲ့ လိုင်းရေယာဉ် ၁ စီး တိမ်းမှောက်ခဲ့ပေမယ့် လူအသေအပျောက် ထိခိုက်ဒဏ်ရာရတာတွေတော့ မရှိခဲ့ဘူးလို့ အမာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက ပြောပါတယ်။
“အိမ်ထောင်စုတွေကို စာသင်ကျောင်းတွေနဲ့ ကျေးရွာ ကျန်းမာရေးဆေးပေးခန်းတွေမှာ နေရာပြောင်းရွှေ့ထားပြီး အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု လောလောဆယ် ကူညီစောင့်ရှောက်မှု ပေးထားပါတယ်” လို့ အမာမြို့အုပ်ချုပ်ရေးမှူး (ယာယီ) ဦးရွှေစိုးဟန်က ပြောပါတယ်။
လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အိမ်ထောင်စု ၂၆ စု အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး လူဦးရေ ကျား ၅၈ ဦး၊ မ ၅၆ ဦးစုစုပေါင်းလူဦးရေ ၁၁၄ ဦးကို ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။
အမာမြို့၊ အမှတ် ၁ ရပ်ကွက်မှာလည်း ဇူလိုင် ၂၀ ရက်နေ့ မနက် ၆ နာရီအချိန်က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂ လုံး ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်
မြမင်းဦး(ပုသိမ်)