Homeမြန်မာသတင်း
ကွတ်ခိုင်နှင့် လားရှိုးတွင် ငွေကျပ် သိန်း ၂၀၀၀ ခန့် တန်ဖိုးရှိ ဘိန်းညိုမှုန့်များ ဖမ်းဆီးရမိ
ကွတ်ခိုင်နှင့် လားရှိုးတွင် ငွေကျပ် သိန်း ၂၀၀၀ ခန့် တန်ဖိုးရှိ ဘိန်းညိုမှုန့်များ ဖမ်းဆီးရမိ
DVB
·
July 19, 2018
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်နဲ့ လားရှိုးမြို့တွေမှာ ငွေကျပ် ၁၉,၆၂၀ သိန်းဖိုး တန်ဖိုးရှိ ဘိန်းညိုမှုန့်တွေ ဖမ်းဆီးရမိခဲ့ပြီး အမျိုးသား ၂ ဦးကို အရေးယူထားတယ်လို့ ရဲဇာနည် သတင်းမှာ ဖော်ပြပါတယ်။
ဇူလိုင် ၁၇ ရက်ည ၈ နာရီလောက်က ကွတ်ခိုင်မြို့အထွက်၊ ကွတ်ခိုင်-တာမိုးညဲသွားကားလမ်း၊ နမ့်ဟူးရွာနားမှာ ကျုံးလီခမ်း မောင်းနှင်လာတဲ့ TOYOTA LANDCRUISER ကားကို မူးယစ်တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ရှာဖွေရာ မော်တော်ယာဉ်ရဲ့ တံခါးလေးဖက်၊ အင်ဂျင်ခန်း၊ မျက်နှာကြက်ခေါင်မိုး၊ ထိုင်ခုံကူရှင်၊ ဝဲ/ယာ ဘော်ဒီထဲမှာ သိုဝှက်ထားတဲ့ ဘိန်းညိုမှုန့် ၂၁၈ ထုပ် (အလေးချိန် ၂၁၈ ကီလို)ကို သိမ်းဆည်းရမိခဲ့တာပါ။
အမှုကွင်းဆက်ဖော်ထုတ်ချက်အရ ဇူလိုင် ၁၈ ရက်မွန်းလွဲ ၁၂နာရီခွဲလောက်မှာ လားရှိုးမြို့ နယ်မြေ(၅)၊ အမှတ်(၁၂)ရပ်ကွက်၊ ဈေးတန်းလမ်းနေ လော်ဖိန်း (ခ)စိုးနိုင်လင်း(ခ)လီလျိုဆူးကို နေအိမ်မှာ ဆက်လက် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် လော်ဖိန်း(ခ)စိုးနိုင်လင်း(ခ) လီလျိုဆူး (၂၂-နှစ်)နဲ့ ကျုံးလီခမ်း(၂၅-နှစ်)တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ ရဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ - ရဲဇာနည်