ပြည်မြို့တွင် ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်မီးလောင်၍ သီလရှင် ၁ပါး မီးသင့်ကွယ်လွန်
မင်းညို
·
July 6, 2018
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာ မီးကြွင်းမီးကျန်တွေကြောင့် ဘုန်းကြီးကျောင်း ဆွမ်းစား ဆောင်တဆောင် မီးလောင်ကျွမ်းခဲ့ပြီး သီလရှင်တပါး မီးသင့် ကွယ်လွန်သွားပါတယ်။
ဇူလိုင် ၆ ရက် ည၁၂နာရီ ဝန်းကျင်လောက်မှာ ပြည်မြို့၊ ရွာဘဲရပ်ကွက် ဖက်တန်းရပ်ထဲက ဥယျာဉ်စု ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ မီးလောင်ခဲ့လို့ ဆွမ်းစားကျောင်း မီးထဲပါသွားပြီး သက်တော် ၈ဝကျော်ရှိ သီလရှင်တစ်ပါး မီးသင့်သွားခဲ့တာပါ။
ပြည်မြို့နယ်မီးသတ်တပ်ဖွဲ့ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအာကာစိုးမင်းက “မီးရှိန် ပြင်းပေမယ့် မီးသတ်တပ်ဖွဲ့တွေနဲ့ ရပ်ကွက်မီးသတ်တွေက မီးငြှိမ်းသတ်နိုင်တာကြောင့် ဆွမ်းစားကျောင်း တကျောင်းပဲ မီးထဲပါသွားခဲ့ပါတယ်။ အိမ်တွေက လမ်းပေါ်ကို ကျူးကျော် ဆောက်လုပ်ထားတာကြောင့် လမ်းတဘက်ကနေ အဲဒီဘုန်းကြီးကျောင်းထဲကို မီးသတ်ကားတွေ တော်တော်ခက်ခဲစွာနဲ့ ဝင်ခဲ့ရတယ်”လို့ ပြောပါတယ်။
မီးလောင်ကျွမ်းမှုကို ပြည်မြို့က မီးသတ်ကား ၆စီး၊ အရံမီးသတ်ယာဉ် ၁၂စီး ၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒေသခံပြည်သူတွေ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ပါတယ်။