မြေယာဥပဒေနှင့် ပတ်သက်၍ တောင်သူလယ်သမားများသိရှိရန်ပညာပေး
DVB
·
July 6, 2018
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်အတွင်းရှိ တောင်သူလယ်သမားတွေကို မြေယာဥပဒေနဲ့ ဆက်စပ်ဥပဒေတွေ သိရှိအောင်ရည်ရွယ်တဲ့ ဆွေးနွေးပွဲကို မိုင်းဆတ်မြို့ မြို့မဘုန်းတော်ကြီးကျောင်းမှာ တောင်သူလယ်သမားတွေနဲ့ မြေယာလုပ်သားများသမဂ္ဂက ဇူလိုင် ၆ ရက်နဲ့ ၇ ရက်က နှစ်ရက်ကြာ ကျင်းပပါတယ်။
သမဂ္ဂအဖွဲ့ဝင် ဒေါ်နန်းငယ်ငယ်က “၂ဝဝ၈ အခြေခံဥပဒေအရ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးနဲ့ တာဝန်များ အခန်းကဏ္ဍမှ ပုဒ်မ-၃၄၇ မှာ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရရှိစေရမည်။ ထို့ပြင်ဥပဒေ၏ အကာအကွယ်ကို လည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။ ဒါ့အပြင်ပုဒ်မ(၃၅၆)အရ နိုင်ငံသားများ၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်လို့ ဆိုထားတာကို တောင်သူဦးကြီးတွေ သိစေချင်ပါတယ်” လို့ ရှင်းလင်းပြောပြခဲ့ပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အရင်အစိုးရ အဆက်ဆက်က တောင်သူတွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့ မြေယာတွေ သိမ်းဆည်းခံရပြီး ဆုံးရှုံးမှု တွေရှိနေတဲ့ အတွက် တောင်သူလယ်သမားတွေအနေနဲ့ မိမိတို့လုပ်ကိုင်ဆောင်ရွက်နေတဲ့ လယ်ယာ ဥယျာဉ်ခြံမြေတွေနဲ့ ပတ်သက်ပြီးလုပ်ပိုင်ခွင့်၊ သီးနှံများထုတ်လုပ်ရောင်းချခွင့်၊ ဈေးကွက်ပေါ်ထွန်း လာစေရေးအတွက် တောင်သူလယ်သမား အစုအဖွဲ့ငယ်များ မြို့နယ်အလိုက် ပေါ်ထွက်လာစေဖို့ ရည်ရွယ် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
“တောင်သူလယ်သမားတွေဘက်ကလည်း မိမိတို့လုပ်ကိုင်နေတဲ့ မြေနဲ့ပတ်သက်ပြီး ဥပဒေအရ အကာအကွယ်တွေကို သိရှိနားလည်းထားကြစေဖို့ လက်ကမ်းစာအုပ်တွေ ဖြန့်ဝေပေးထားပါတယ်။ ဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ကြရမယ့်အပြင် မတရားပြုမူခံရမှုတွေ ရှိနေရင်လည်း သက်ဆိုင်ရာ အဆင့်ဆင့်ကို လုပ်ထုံးလုပ်နည်းနဲ့အညီ တိုင်ကြားစေချင်တယ်” လို့ ဒေါ်နန်းငယ်ငယ်က ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ အပြန်အလှန် ဆွေးနွေးမှုတွေအပြင် တောင်သူလယ်သမား အစုအဖွဲ့တွေကို ကဏ္ဍအလိုက် ဖွဲ့စည်းမှုတွေဆောင်ရွက်ခဲ့ပြီး တောင်သူလယ်သမားတွေရဲ့ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရှမ်းပြည်နယ်အနှံ့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။
အောင်ဇေယျ(မိုင်းတုံ)