ဘူးသီးတောင်မြို့နယ်တွင် လောင်းလှေပေါ်မှ စိတ်ကြွဆေးပြား ၁ သန်းခွဲကျော် သိမ်းဆည်းရမိ
DVB
·
July 5, 2018
ရခိုင်ပြည်နယ်၊ ဘူးသီတောင်မြို့နယ်မှာ လမုတောထဲ ဝှက်ထားတဲ့ လောင်းလှေ တစင်းပေါ်မှာ ဆာလာအိတ်တွေနဲ့ ထည့်ထားတဲ့ ကျပ် သန်း ၃၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား တသန်းခွဲကျော် အလေးချိန် ၁၅၉ ဒသမ ၉ ကီလိုဂရမ်ကို ပိုင်ရှင်မဲ့ တွေ့ရှိ သိမ်းဆည်းရမိတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။
ဇူလိုင် ၄ ရက် မနက်က ဘူးသီးတောင်မြို့နယ်၊ အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ စစ်ကြောင်း(၂)၊ ဒုတပ်ဖွဲ့ခွဲမှူး ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေက မေယုမြစ်အတွင်း မြစ်ကြောင်း စိုးမိုးရေးလှည့်ကင်းနဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ် တွေ့ရှိခဲ့တာပါ။
လှည့်ကင်းအဖွဲ့က လိုင်ရှည်ပြင်ကျေးရွာအဝင် ချောင်းကွေ့အစပ်အနီးရှိ လမုတောကို ရှင်းလင်းခဲ့ရာမှာ လမုတောထဲမှာ ဝှက်ထားတဲ့ အင်ဂျင် စက်ဖြုတ်ထားတဲ့ လောင်းလှေတစင်းကို မိုးကာနဲ့ အုပ်ထားတာကို မသင်္ကာဖွယ်တွေ့ရှိရလို့ သက်သေတွေကို ခေါ်ယူပြီး ဖွင့်ဖောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါလောင်းလှေပေါ်မှာ ဆာလာအိတ် ၁၁ အိတ်အား တွေ့ရှိရပြီး ဆာလာအိတ်တွေထဲ အပြာရောင် ကပ်ခွာအိတ်နဲ့ တစ်ထုတ်လျှင် WY နဲ့ R စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅ ပြားပါရှိတဲ့ အထုပ် ၈၂ဝဝ ထုပ်၊ စုစုပေါင်း စိတ်ကြွဆေးပြား ၁၅၉၉ဝဝဝ ပြား၊ အလေးချိန် ၁၅၉ ဒသမ ၉ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၃,၁၉၈,ဝဝဝ,ဝဝဝ တို့အား ပိုင်ရှင်မဲ့တွေ့ရှိသိမ်းဆည်းရမိလို့ ဆက်လက်စစ်ဆေးနေတယ်လို့ ရဲဇာနည်သတင်းမှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ-ရဲဇာနည်