ယနေ့ ငြိမ်းချမ်းရေးမှသည် အနာဂတ်တိုင်းပြည် တိုးတက်မှုသို့
DVB
·
June 29, 2018
“မြန်မာပြည်
ဝုန်း ဒိုင်း ကြီး မတိုးတက်နိုင်သလို
ဒုန်း ဒုန်း ဒိုင်း ဒိုင်းတွေ ရပ်မှ တိုးတက်မယ်"
လို့ ကျနော် အတိုဆုံးကဗျာလေး ရေးမိပါတယ်။ ဒီကဗျာလေး ရေးဖြစ်ရတဲ့ အကြောင်းကတော့။
ယနေ့ အန်အယ်လ်ဒီအစိုးရ နှစ်နှစ်ကျော်ကာလမှာ တိုင်းပြည်တိုးတက်မှုက နှေးဝေးနေပါသေးတယ်လို့ ဝေဖန်သူတွေ ရှိနေသလို နှစ်ပေါင်း ခြောက်ဆယ်ကျော် ခြစားမှုများက တိုင်းပြည် နာလန်ထအောင် ဘယ်လို ရုတ်တရက် လုပ်နိုင်မှာလဲလို့ သုံးသပ်သူတွေလည်း ရှိပါတယ်။
စစ်အစိုးရလက်ထက်က ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ကြေးနီတောင် စတဲ့ တရုတ်နိုင်ငံနဲ့ နှစ်နဲ့ချီ စာချုပ်များက ယခုတက်လာတဲ့ အစိုးရအနေနဲ့ ဝင်ရောက်စွက်ဖက်ဖို့ ခက်ခဲနေတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်းကိုပဲ ကြည့်ကြည့်ပါ။ ၂၀၀၉ ခုနှစ်က သဘောတူလိုက်တယ်။ ဇွန်လထဲမှာပဲ တရုတ်က ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် မြစ်ဆုံကို အရင်စထားလိုက်တယ်။
ဦးသိန်းစိန်အစိုးရ တက်လာတော့ သူ့သက်တမ်းအတွင်း ရပ်နားထားဖို့သာ ကတိပြုခဲ့တယ်။ အဲဒီတော့ စစ်တပ်နဲ့ နီးစပ်ရာကလာတဲ့ ဦးသိန်းစိန် စစ်အစိုးရတောင် မြစ်ဆုံကို ဖျက်သိမ်းဖို့ မစွမ်းဆောင်နိုင်ရင် စစ်အစိုးရလက်ထက်တည်းက ခွင့်ပြုထားတဲ့ စီမံကိန်း အတော်များများက လက်ရှိ ပြည်သူ့အစိုးရအနေနဲ့ အင်မတန် မလွယ်ကူတဲ့ ပြဿနာရပ်တွေပါ။ ၂၀၀၈ ခြေ/ဥကလည်း တင်းခံနေတာပဲဆိုတော့ စဉ်းစားသာ ကြည့်ပေတော့။
တိုင်းပြည်တိုးတက်မှုများကလည်း ၂၀ ရာခိုင်နှုန်းလောက်သာ အန်အယ်လ်ဒီအစိုးရ လုပ်နိုင်သေးပါတယ်။ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းက ယခင်အစိုးရများလက်ထက် ပြဿနာ အရပ်ရပ်ကိုသာ ဖြေရှင်းနေရတဲ့ အနေအထားမှာ တွေ့ရပါတယ်။ ဒေသခံပြည်သူ့ဆန္ဒ မပါသော စီမံကန်းတွေ၊ လယ်ယာမြေ မတရားသိမ်းဆည်းခဲ့သော စတဲ့ ပြဿနာရပ်တွေက အများဆုံး ဖြေရှင်းနေရတာ အခုထိကို ဂျာအေး သူ့အမေရိုက်နေတုန်းပါပဲ။
အဲတော့ ပြည်တွင်းငြိမ်းချမ်းရေးကရော တိုင်းပြည်တိုးတက်မှုနဲ့ ဆိုင်သလား။ အခြား တိုင်းပြည်တွေမှာတော့ သေချာမသိဘူး။ မြန်မာနိုင်ငံမှာတော့ အများဆုံး သက်ဆိုင်မှု ရှိပါတယ်။ မြန်မာပြည်အထက်ပိုင်းနဲ့ အရှေ့ပိုင်းပြည်နယ်တွေက တွင်းထွက် သဘာဝ သစ်တောများကို သူ့နယ်မြေ လက်နက်ကိုင်အဖွဲ့အစည်းများဆီ လိုင်းကြေး ဘာအခွန် ညာအခွန်တွေ ကောက်နေတာကို အသာထား၊ ကျနော်နဲ့ နီးစပ်ရာဝန်းကျင်က အကြောင်းတွေကို ရေးသား တင်ပြပါ့မယ်။
လွန်ခဲ့သော ၆ လလောက်က ပြည်ပ နွားတင်သွင်းမှု တရားဝင် ခွင့်ပြုခဲ့တယ်။ နွားအကောင်ရေ ၁၀၀ ကို သိန်း ၁၀၀ နှုန်းနဲ့ အစိုးရက ပါမစ်ထုတ်ပေးပါတယ်။ သက်ဆိုင်ရာ မြို့နယ် တိမွေးကုဌာနက ကာကွယ်ဆေးထိုး စစ်ဆေးပြီးမှ ပြည်ပ တင်ပို့ခွင့်ပြုပါတယ်။ ပဲခူး အရှေ့ခြမ်းမှာတော့ မြဝတီဘက်နဲ့ မူဆယ်ဘက်ကို အများဆုံး တင်ပို့ကြပါတယ်။
ယခင်လို မီဒီယာကြေး၊ ဘာလိုင်းကြေး ညာလိုင်းကြေး မရှိတာ့ပေမယ့် ရှမ်းအရှေ့ပိုင်း ရောက်ပြီဆို နွားတကောင် တသောင်းကနေ နှစ်သောင်းအထိ တောကြေး (တိုင်းရင်းသား လက်နက်ကိုင်များ) ပေးရပါတယ်။ တဖက် လက်နက်ကိုင်များကိုသာ နွားကုန်သည်က အမှီသဟဲပြု အခြားအဖွဲ့တွေကိုပါ မပေးဘူးဆိုရင် ကြားလိုက်တယ်မှတ်လား။ ဟိုတလောက ပစ်ကြ ခတ်ကြတာ ဖြစ်ကုန်ကြရော။
နွားတင်ပို့ရောင်းချသူများကလည်း နိုင်ငံတော်အခွန်၊ တောကြေး အခွန်တွေနဲ့ ဆိုတော့ ရောင်းသူ ဝယ်သူ နွားပွဲစားများကလည်း ဒါတွေကို ငွေကြေးတွက်ပြီး တကယ်ရောင်းလိုက်တဲ့ နွားပိုင်ရှင်များက ထိုက်သင့်သော အဖိုးအခ မရကြတော့ပါဘူး။ (ယခုဆို မတ်ပဲဈေးမကောင်းလို့ စိုက်ဘဏ်ဆပ်ဖို့ တောင်သူတွေရဲ့ ခိုင်းနွားတွေတောင် ရတဲ့ဈေးနဲ့ ရောင်းနေရပါတယ်။)
ဒီလိုပဲ စစ်တောင်းမြစ် အရှေ့ဘက်ပိုင်း မြို့ရွာတွေဆို အန်စီအေ လက်မှတ်ထိုးပြီးတဲ့ နောက်ပိုင်း အခွန်တွေ သိပ်မကောက်တော့ပေမယ့် ယခုနှစ် ၂၀၁၈ ဇွန်လကစပြီး ဆိုင်ကယ်တစီးကို ၅၀၀၀၊ ဆန်စက်တစက်ကို ၁၅၀၀၀၀၊ လယ်ထွန်စက် မြင်းကောင်ရေ ၁ ကောင်ကို ၁ ထောင်နှုန်း၊ ဖောကားတစီး ဝန်အကျယ် တကျင်းကို ၃ သောင်း ကောက်ခံပေးဖို့ သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေထံ တိုင်းရင်းသား လက်နက်ကိုင်တွေက စာပို့ထားကြပါတယ်။
ထို့အတူ ဒီလိုဒေသမှ ပြည်သူများက မိမိဒေသ အင်းတွေကို အများနဲ့အတူ လေလံဆွဲရပါတယ်။ မြို့နယ် ငါးလုပ်ငန်းဦးစီးတွေကို အခြားမြို့နယ်တွေထက် အင်းလေလံကြမ်းခင်းဈေး လျှော့ပေးဖို့ နှစ်စဉ် တောင်းဆိုနေကြပါတယ်။ ဘာလို့လဲဆိုတော့ အစိုးရပိုင်းကို လေလံကြေးအလိုက် အခွန်ပေးဆောင်ရပြီးပေမယ့်လည်း တဖက် တိုင်းရင်းသား လက်နက်ကိုင်များကိုလည်း အခွန်ထပ်ပေးနေရတာကြောင့် အမြတ်ငွေ ကျန်သင့်သလောက် မကျန်ဘဲ ဘန်ကောက်တက်တာမှ ငွေပိုရဦးမယ်ဆိုပြီး မိသားစုလိုက် အိမ် ခြံ လယ်တွေ ပစ်ထားပြီး ထိုင်းမှာ အလုပ်သွားလုပ်ကြရပါတယ်။
အဲဒီတော့ ပြည်တွင်းငြိမ်းချမ်းမှု အပစ်အခတ် ရပ်စဲမှုတွေက တကယ် တိုင်းရင်းသား ပြည်သူတွေအတွက် ဘာတွေ ခံစားနေရပြီလဲ။
အန်စီအေ လက်မှတ်ထိုးပြီးတာနဲ့ မထိုးခင် ဘာတွေကွာခြားကုန်ပြီလဲ။ လက်မှတ်ထိုးပြီးသား နယ်မြေတွေမှာ ယခင်ထက် ပွင့်လင်းမြင်သာမှုကလွဲလို့ ဆက်ကြေးပုံစံ ကောက်ခံမှုတွေ ယနေ့အထိ ရှိနေတုန်းပါပဲလို့ ကျောက်ကြီးမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦးက ဆိုပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်များ အချင်းချင်းမှာလည်း နယ်မြေနေရာတွေ အငြင်းပွားနေကြတာ ရှိပါတယ်။ ထို့အတူပဲ တိုင်းရင်းသားတွေအတွက်၊ တို့ပြည်သူတွေအတွက် တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင်များ အားလုံးကလည်း အန်စီအေ ထိုးဖို့ဆီ အရင်မသွားနိုင်ကြဘဲ မိမိပြည်နယ်ပိုင်နက်ထဲက သဘာဝတွင်းထွက် လုပ်ငန်းတွေမှာ ငွေကြေးအခွန်ကောက်ခံဖို့ချည်းပဲ ပထမ အငြင်းပွားနေကြတော့ ခရောင်းလမ်းကို ဖြတ်သန်းရမယ့် တကယ့်ဘုရားစူး ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်နေတော့ လက်ရှိ ပြည်သူအစိုးရ အခက်ကြုံနေရတယ်လို့ ထင်မြင်မိတယ်။
ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပြီဆိုလည်း တိုင်း၊ ပြည်နယ် ခွဲခြားနေလို့ မရတော့ပါဘူး။ ဒီလိုအချိန်မှာ ပြည်ပကုမ္ပဏီလုပ်ငန်းတွေက အခွန်ပေးဆို လက်ရှိ စာချုပ် ချုပ်ထားတဲ့ အစိုးရကိုသာ ပေးမှာဖြစ်ပါတယ်။ တကယ်လို့ ပြည်နယ်တွေမှာ သွားရောက် ရင်းနှီးလုပ်ကိုင်ပြီဆိုလည်း လက်နက်ကိုင်အဖွဲ့တွေကို အခွန်ထပ်ဆောင်နိုင်ကြမှာ မဟုတ်ပါဘူး။
သို့ပေမယ့် တွင်းထွက်လုပ်ငန်းတွေ လာရောက်လုပ်ကိုင်တဲ့ တရုတ်လုပ်ငန်းရှင်တွေကတော့ ဒီလို နှစ်ဖက်လက်နက်ကိုင်တွေကြား အခွန်ပေး လုပ်ကိုင်နေကြတာကို မြင်တော့ သူ့နောက်က တရုတ်နိုင်ငံရဲ့ ပါဝါအစွမ်းက အံ့ခန်းပါပဲလို့ သုံးသပ်မြင်မိပါတယ်။
ဒါကြောင့် တိုက်ပွဲဖြစ်ပွားမှုများကြားထဲမှာ စစ်ဘေးဒုက္ခသည်များရဲ့ လူမှုဘဝ တိုးတက်မှု ထိခိုက်လာတဲ့အပြင် တိုင်းပြည်တိုးတက်မှုမှာ ငြိမ်းချမ်းရေး အပစ်အခတ် ရပ်စဲမှုက အရေးကြီးပါတယ်။ ထို့အပြင် တိုင်းရင်းသား နယ်ပယ်ဒေသတွေကြား စီးပွားရေးလုပ်ငန်းရှင်များနဲ့ ဒေသခံပြည်သူများအပေါ် အစိုးရရော တိုင်းရင်းသား လက်နက်ကိုင်များပါ နှစ်ဖက် ပေးနေရတဲ့ အခွန်ကောက်ခံမှုများက ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးမှုကို များစွာ စိန်ခေါ်နေလျက် ရှိပါတယ်လို့ ဆိုချင်ပါတယ်။
ဗိုလ်သူရိန်