လေဖိအားနည်းရပ်ဝန်း ပိုအားကောင်းလာ၊ ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်
DVB
·
June 10, 2018
ဘင်္ဂလားဒေ့ရှ်ကမ်းခြေမှာ ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်း ပိုမိုအားကောင်းလာကာ နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်ကို ရောက်ရှိလာနိုင်တယ်လို့ မိုးဇလက မြန်မာစံတော်ချိန် ၆ နာရီခွဲမှာ သတင်းထုတ်ပြန်ပါတယ်။
မုန်တိုင်းငယ်ဟာ ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော် ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။
မိုးရွာသွန်းမှုအခြေအနေကတော့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှာ နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။
မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်နှင့် နေပြည်တော်၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက် လေပြင်း များကျရောက်ပြီး လှိုင်းကြီးမည်၊ ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့မှာ (၁၀) ပေမှ (၁၄) ပေလောက်ထိ ရှိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။