တတိယပင်လုံနှင့် ငြိမ်းချမ်းရေးခရီး - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
June 6, 2018
မေလတလလုံး တတိယပင်လုံ ခေါ်ယူရေးနဲ့ ငြိမ်းချမ်းရေးအတွက် အလွတ်သဘော ညှိနှိုင်းမှုတွေ ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာရော မြန်မာပြည်မှာရော အကြိမ်များစွာ ဖြစ်ခဲ့ပါတယ်။ ဒီတပတ်ဆွေးနွေးမယ့် တတိယပင်လုံနဲ့ ငြိမ်းချမ်းရေးအလားအလာ စကားဝိုင်းမှာ ပါဝင်ဆွေနွေးမယ့် သူတွေကတော့ တိုင်းရင်းသားရေးရာ လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုမှ ဦးမြအေးတို့ ဖြစ်ပါတယ်။
ဦးတိုးဇော်လတ် (ဒီဗွီဘီ)
“မေလထဲမှာ တတိယပင်လုံ လုပ်မယ်လို့ ပြောခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်ခဲ့ဘူး။ အဲဒီအတွက် အကြိုညှိနှိုင်းမှုတွေလည်း ခဏ ခဏ လုပ်ခဲ့တယ်။ တတိယပင်လုံ လုပ်ဖို့ ဘယ်နေရာမှာ တစ်ဆို့နေတာလဲ။ လောလောဆယ် တိုက်ပွဲတွေကလည်း ပိုများလာတော့ ငြိမ်းချမ်းရေးရော ဘယ်လိုဖြစ်နေလဲဆိုတာ လူတွေသိချင်နေတော့ နောက်ဆုံးအခြေအနေ ဘယ်နေရာမှာ တစ်ဆို့နေတယ်၊ ဘာတွေ ညှိနှိုင်းနေလဲ၊ ဘာတွေကို အဓိကစောင့်ကြည့်ဖို့ လိုလဲဆိုတာ ဆရာ့အနေနဲ့ ဆွေးနွေးပေးပါ။”
ဦးမောင်မောင်စိုး (တိုင်းရင်းသားရေးရာ လေ့လာသုံးသပ်သူ)
“နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းမှာ လက်ရှိ အန်စီအေ ထိုးထားတဲ့အဖွဲ့ မူလ ၈ ဖွဲ့ရယ်၊ ဒီနှစ်ထဲမှာ ထပ်တိုးထားတဲ့ မွန်ပြည်သစ်အပါအဝင် နှစ်ဖွဲ့ရယ် ဆယ်ဖွဲ့ပေါ့။ နိုင်ငံရေးဆွေးနွေးပွဲမှာ တရားဝင် ပါဝင်ခွင့်ရရှိထားတဲ့ အဖွဲ့တွေ။ နိုင်ငံရေးဆွေးနွေးမှုကနေ တတိယပင်လုံ ကျင်းပမယ်။ အန်စီအေမှာပါတဲ့ သဘောတူညီချက်အရဆိုရင် တနှစ်မှာ နှစ်ကြိမ်တောင် ကျင်းပဖို့ရှိပါတယ်။ အခု တနှစ်ပြည့်သွားတဲ့အချိန်အထိ နောက်တကြိမ် မကျင်းပနိုင်သေးတဲ့ အခြေအနေ။ ကျင်းပရင် ဘာနိုင်ငံရေးသဘောတူညီချက်တွေ ယူမလဲဆိုတဲ့ ပြဿနာပါပဲ။ ဒုတိယအကြိမ် ပင်လုံညီလာခံအပြီး မနှစ်က ဒီဇင်ဘာမှာ ရှမ်းပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ၊ မြို့နယ်အလိုက် လုပ်တာတွေ အဟန့်အတားခံရပြီးတော့ ပျက်သွားတယ်။ ဒါဟာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ကိုင်မှုနဲ့ ပတ်သက်တဲ့ နားလည်မှု မတူတာဆိုပေမယ့် ဒါကို အမြန်ဖြေရှင်းဖို့ လိုတယ်။ ဒုတိယတခုက ကေအန်ယူ တပ်မဟာ-၅ ဖာပွန်နယ်မြေမှာ လမ်းဖောက်လုပ်မှုကနေစပြီး တပ်မတော်စစ်ကြောင်းတွေ ဝင်တယ်။ စစ်ရေးပဋိပက္ခ ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာတယ်။ အရပ်သား ဒုက္ခသည် နှစ်ထောင်လောက် ပေါ်လာတယ်။ မကျေလည်မှုတွေ ဖြစ်လာတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လက်မှတ်ထိုးထားတဲ့ မူလ ၈ ဖွဲ့ထဲမှာ ကေအန်ယူနဲ့ အာရ်စီအက်စ်အက်စ်က အင်အားအများဆုံးပဲ။ အဆုံးအဖြတ်ပေးနိုင်တဲ့အခန်းမှာ ရှိတယ်။ အဲဒီနှစ်ခုနဲ့ ပဋိပက္ခဖြစ်နေတဲ့အချိန်မှာ ဒီပြဿနာတွေကိုလည်း မြန်မြန်ဆန်ဆန် မဖြေရှင်းနိုင်တဲ့အခါမှာ တတိယအကြိမ် ပင်လုံညီလာခံမှာ နိုင်ငံရေးအရ သဘောတူညီမှု ဘာယူမလဲဆိုတာနဲ့ပတ်သက်ပြီး မဆွေးနွေးနိုင်ဘူး။ အခုနောက်ပိုင်းကျမှ တက်သုတ်ရိုက် ကျင်းပလာတာ ရှိတယ်။ နောက်ကျသည် ဖြစ်သော်လည်းပဲ မေလထဲမှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွေ သုံးကြိမ် လုပ်လာတယ်။ တကြိမ်ကို နှစ်ရက်ပေါ့။ တိုင်းရင်းသားအချင်းချင်းလည်း လုပ်တယ်။ ငြိမ်းချမ်းရေးကော်မရှင်နဲ့လည်း လုပ်တယ်။ ဒါကိုတော့ ကြိုဆိုပါတယ်။ ဒါပေမယ့် အဖြေမရသေးဘူး ထင်တယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေပြီး အဓိကအဖြေက ဘာလဲဆိုတော့ တတိယပင်လုံညီလာခံမှာ တစ်- နိုင်ငံရေးအရ သဘောတူညီချက် ဘာယူမလဲ။ ဒါ အရေးကြီးတယ်။ နှစ်- လုံခြုံရေးဆိုင်ရာ သဘောတူညီချက် ဘာယူမလဲဆိုတဲ့ အခြေခံလိုတယ်။ ဒီဟာကို အလွတ်သဘော ညှိနှိုင်းလို့ရမှ ယူပီဒီဂျီစီ ခေါ်လို့ရမယ်။ ယူပီဒီဂျီစီကနေမှ ညီလာခံခေါ်မယ်။ ညီလာခံကမှ ဒါတွေကို ဆုံးဖြတ်ကြမှာ။ လောလောဆယ်မှာ ဒါတွေညှိနှိုင်းလို့ ခက်ခဲနေတဲ့ အခြေအနေတွေမှာ တွေ့ရတယ်လို့ ထင်ပါတယ်။”
ဦးတိုးဇော်လတ် (ဒီဗွီဘီ)
“တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အန်စီအေထိုးထားတဲ့ ဆယ်ဖွဲ့ရယ်၊ တတိယပင်လုံညီလာခံမှာ ငြိမ်းချမ်းရေးအတွက် ဘာတွေ သဘောတူညီချက် ဘာယူမလဲ ဆွေးနွေးနေတာကြောင့် ကြန့်ကြာနေတာပေါ့။ ဆရာမြအေးလည်း ဒါပဲ မေးပါရစေ။ အလွတ်သဘော ဆွေးနွေးမှုတွေ ရှိတယ်။ တိုက်ပွဲတွေလည်း တော်တော်များတယ်။ ပြည်သူတွေကလည်း ငြိမ်းချမ်းရေး ဖြစ်ဦးမှာလားပေါ့။ အဲဒီလို မျှော်လင့်နေကြတယ်။ ဘယ်နေရာမှာ တစ်နေလဲ၊ အဓိက ဘာတွေကို ဖြေရှင်းမှ လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေးကို ဆက်သွားနိုင်မလဲဆိုတာ ဖြည့်စွက်ဆွေးနွေးပေးပါဦး။”
ဦးမြအေး (ဖက်ဒရယ်ဒီမိုကရေစီအင်အားစု)
“အဓိက အန်စီအေမှာ ပါတဲ့အတိုင်း အမျိုးသားအဆင့် ဆွေးနွေးပွဲတွေ လုပ်ရမှာ။ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေမှာ ရှမ်းပြည်နယ်မှာဆိုရင် လိုချင်တဲ့နေရာမှာ လုပ်ခွင့်မရဘူး။ ကန့်သတ်မှုတွေ အများကြီးရှိတယ်။ တိုင်းရင်းသားဘက်က ပြန်စဉ်းစားရင် အမျိုးသားအဆင့် ဆွေးနွေးပွဲမရှိရင် ပင်လုံညီလာခံမှာ တက်ပြီးဆွေးနွေးစရာ မရှိဘူး။ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေကို လုပ်မှ ရမှာကိုး။ အဲဒီကန့်သတ်ချက်တွေကလည်း ၂၁ ပင်လုံ နောက်တကြိမ် ထပ်ခေါ်ဖို့အတွက် အထစ်အငေါ့တွေ ဖြစ်စေတယ်လို့ မြင်ပါတယ်။ ဒီကြားထဲမှာလည်း ဖာပွန်မှာ ထိတွေ့မှုတွေ ဖြစ်တဲ့ကိစ္စက တဖက်နဲ့တဖက် နားလည်မှု လွဲတာပေါ့။ ဒါကတော့ ကေအန်ယူဥက္ကဋ္ဌ ရန်ကုန်ကိုလာပြီး ဖြေရှင်းမှပဲ တစုံတရာ ပြေလည်မှုရမယ့် အခြေအနေ ရှိတယ်။ ပင်လုံညီလာခံ မကျင်းပတာ တနှစ်ရှိပြီ။ တနှစ်မှာ နှစ်ကြိမ်လို့ ပြောပေမယ့် ပြီးခဲ့တဲ့နှစ်က ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ညီလာခံရဲ့ ဦးတည်ချက်က ဘယ်လဲ၊ ဘာလဲ ဆိုတာတော့ ပြန်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ ကျနော် မြင်တယ်။ တိုင်းရင်းသားတွေ လိုလားချက်သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ချင်တာ။ အဲဒီတည်ဆောက်မှု အခြေအနေမှာမှ အမျိုးသားအဆင့် လွတ်လွတ်လပ်လပ် လုပ်ခွင့်မရဘူးလို့ တိုင်းရင်းသားဘက်က ဒီအတိုင်း ယူဆမှာ။ မှန်လား၊ မှားလားက တပိုင်း။ ယူဆခဲ့တယ်ဆိုရင် ဖက်ဒရယ် တည်ဆောက်မယ်ဆိုတဲ့ အပေါ်မှာ ယုံကြည်မှု ဘယ်လောက်အထိ ရသလဲဆိုတဲ့ မေးခွန်း ပြန်ရှိလာပြန်တယ်။ တကယ်တမ်းကျတော့ ဆွေးနွေးတာ ဆွေးနွေးနေတာ။ တဖက်နဲ့တဖက် ယုံကြည်မှုမှာ အရမ်းအားနည်းနေတယ်လို့ မြင်ပါတယ်။ ကျန်တာက အချက်အလက် ပြဿနာဖြစ်လို့ အသေးစိတ်တော့ မပြောချင်ဘူး။ ကျနော့်သဘောထားကတော့ ဖက်ဒရယ် တည်ဆောက်မယ်ဆိုလည်း တည်ဆောက်ကြရအောင် ဆိုပြီး အားလုံးက နိုင်ငံရေးဆန္ဒရှိရှိ ဆွေးနွေးမှသာ နိုင်ငံရေးရလဒ်တခု ထွက်ပါလိမ့်မယ်။ နိုင်ငံရေးရလဒ် မရ ရအောင် လုပ်ယူတာက ခဏတော့ရမယ်။ ပြဿနာများမယ်လို့ မြင်ပါတယ်။ ဥပမာ ၃၇ ချက်တောင်မှ မကျေလည်မှုတွေ၊ မကျေနပ်သံတွေက ပြန်ထွက်သေးတာပဲ။ မကျေလည်ဘဲ ထွက်လာတဲ့ ရလဒ်တခုက မတည်မြဲတတ်ဘူး။ အလွတ်သဘော ဆွေးနွေးပွဲတွေက ဒီအခြေအနေတွေကို ကျော်လွှားဖို့ လုပ်နိုင်ရင်တော့ ကောင်းတယ်လို့ မြင်တယ်။ ဒီအခြေအနေတွေ မဖန်တီးဘဲနဲ့ နောက်ထပ်တကြိမ် ထပ်ခေါ်လည်း အပြသဘောပဲ ဖြစ်လိမ့်မယ်။ အနှစ်သာရ ကင်းမဲ့လိမ့်မယ်။ ကျန်တဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေက နိုင်ငံရေး သဘောတူညီချက် မရှိဘဲနဲ့ အဲဒီနေရာတွေကို ဆက်လှမ်းလို့ မရပါဘူး။ မဖြစ်နိုင်ပါဘူး။”
အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။