မြို့ပေါင်း ၁၀၀ တွင် ၀န်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာများ တည်ဆောက်မည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
June 4, 2018
မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံတ၀န်း မြို့ပေါင်း ၁၀၀ မှာ ၀န်ထမ်းအိမ်ရာတွေနဲ့ အငှားအိမ်ရာတွေကို တည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေး ၀န်ကြီးဌာနက ပြောပါတယ်။
အိမ်ရာတွေကို တောင်ကြီး၊ လားရှိုး၊ ထားဝယ်မြို့တွေလို မြို့ကြီးတွေအပါအ၀င် တခြားမြို့ကြီးတွေမှာ တည်ဆောက်သွားမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဇွန် ၄ ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားအဆင့် မြို့ပြဆိုင်ရာမူဝါဒမူဘောင် အလုပ်ရုံဆွေးနွေးပွဲမှာ ပြောပါတယ်။
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ အဓိကနိုင်ငံတွေထဲက မြို့ပြအသွင်ကူးပြောင်းမှု နှုန်း အနှေးဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မြို့ပြဧရိယာအတွင်းမှာ နေထိုင်တဲ့ လူဦးရေဟာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁၅ ဒသမ ၂ သန်းရှိခဲ့ပြီးတော့ လာမယ့် ၂၀၃၀ ပြည့်နှစ်မှာဆိုရင် ၂၀ ဒသမ ၄ သန်းအထိ မြင့်တက်လာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိက မြို့တော်ကြီးဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ နေရာအနှံ့အပြားမှာလည်း နည်းစနစ်မကျတဲ့ မြို့ပြအသွင်သဏ္ဍာန်ကို မြင်တွေ့နေရတာလို့ ဆွေးနွေးပွဲမှာ ပညာရှင်တွေက ပြောဆိုပါတယ်။
ဒါကြောင့် အခြေခံ အဆောက်အအုံစနစ် အကျပ်အတည်းတွေ၊ လမ်းကွန်ရက်တွေမှာ ယာဉ်ကြော ပိတ်ဆို့မှုတွေ၊ သောက်သုံးရေနဲ့ စွမ်းအင်ရှားပါးမှုတွေ၊ ညစ်ညမ်းမှုတွေကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုတွေကို ဆိုးကျိုးတွေနဲ့ကြုံတွေ့နေရတယ်လို့လည်း ပြောပါတယ်။