ရန်ကုန်တိုင်းတွင်နေပြီး အိမ်ပိုင်မရှိသူများ အငှားအိမ်ရာ လျှောက်ထားနိုင်
DVB
·
February 2, 2016
ရန်ကုန်တိုင်းဒေသကြီးမှာ နေထိုင်ပြီး အိမ်ပိုင်မရှိသူတွေ အနေနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး အငှားအိမ်ရာတွေ လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။
မဟာဗန္ဓုလ အငှားအိမ်ရာအတွက် ရန်ကုန်တိုင်းဒေသကြီးမှာ နေထိုင်ပြီး အိမ်ထောင်စုစာရင်း ရှိတဲ့သူ၊ အိမ်ပိုင်မရှိသူတွေ အနေနဲ့ လျှောက်နိုင်တာ ဖြစ်ပါတယ်။
လျှောက်လွှာတွေကို ဖေဖော်ဝါရီ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ ပြည်လမ်းနဲ့ အလုံလမ်းထောင့် လွှတ်တော်ဝန်း ဂိတ်အမှတ် ၄ မှာ လျှောက်လွှာတင်ရမှာပါ။
အိမ်ငှားဖို့အတွက် လျှောက်လွှာမရောင်းဘဲ လိုအပ်တဲ့ ပုံစံတွေကို မြို့နယ် ထွေအုပ်ရုံးတွေမှာ ကြော်ငြာပေးထားပါတယ်။
မတ်လ ၃၁ ရက်လောက်မှာ စနေနိုင်အောင် စီစဉ်ထားပါတယ်လို့ ၀န်ကြီး ဦးကျော်စိုးက ဒီဗွီဘီကို ပြောပါတယ်။
မဟာဗန္ဓုလအိမ်ရာကို ဒဂုံမြို့သစ်တောင်ပိုင်း အမှတ် ၂ လမ်းမကြီးဘေးမှာ စတင်ဆောက်လုပ်နေပြီ ဖြစ်ပါတယ်။
မဟာဗန္ဓုလအိမ်ရာမှာ တိုက်ခန်းပေါင်း ၁၂၀၀ ရှိပြီး အခန်းတခန်းဟာ ၅၆၉ ဒသမ ၅ စတုရန်းပေ ကျယ်ပြီး လစဉ်ငှားရမ်းခကတော့ ကျပ် ၃၀၀၀၀ ဖြစ်ပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေကြောင့် ရန်ကုန်မြို့မှာ နှစ်စဉ် အိမ်ခန်းပေါင်း ၃ သောင်း လိုအပ်ချက်ရှိတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။