အကျဉ်းထောင်များမှ ဖြေဆိုသူ ၄၇ ယောက်အောင်မြင်၊ ဂုဏ်ထူးရရှိသူ ၂၈ ယောက်ရှိ
ပိုင်စိုး
·
June 2, 2018
တနိုင်ငံလုံးက အကျဉ်းထောင်တွေကနေ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး ၃ ဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်သူ ၅ ယောက် အပါအဝင် ဂုဏ်ထူးရှင် ၂၈ ယောက်ရှိပါတယ်။
အင်းစိန်၊ မန္တလေး၊ ဘားအံ၊ စစ်တွေ၊ မြိတ်၊ မြောင်းမြ၊ တောင်ငူနဲ့ ရွှေဘိုထောင်တွေကနေ အကျဉ်းသား၊ အချုပ်သား ၁၀၄ ယောက် ဝင်ရောက် ဖြေဆိုခဲ့ပြီး ၄၇ ယောက် အောင်မြင်ခဲ့တာပါ။
အင်းစိန်ထောင်က ဖြေဆိုသူ ၃၄ ယောက်မှာ ၁၉ ယောက် အောင်မြင်ပြီး ၃ ဘာသာ တယောက်၊ ၂ ဘာသာ တယောက်၊ ၁ ဘာသာ ၄ ယောက် ဂုဏ်ထူးရခဲ့ပါတယ်။
မန္တလေး အကျဉ်းထောင်ထဲကနေ စာမေးပွဲဖြေဆိုပြီး ၃ ဘာသာဂုဏ်ထူးနဲ့ အောင်မြင်သူ ၄ ယောက် အပါအဝင် ဂုဏ်ထူးရှင် ၂၀ ကျော် ရှိတယ်လို့ ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းက ပြောပါတယ်။
“၃ ဘာသာက ၄ ယောက်၊ ၂ ဘာသာက ၄ ယောက်၊ ၁ ဘာသာက ၁၃ ယောက်၊ ရိုးရိုးအောင်တာက ၆ ယောက်ပါ။ မနှစ်ကနဲ့ စာရင်တော့ အောင်ချက်က နည်းသွားတယ်။ ဒီနှစ်က ၅၅ ယောက် ဖြေတာမှာ ၂၇ ယောက်ပဲ အောင်တာကိုး။ ဒါပေမယ့် ဒီလိုဂုဏ်ထူးတွေ ရတယ်ဆိုတာကတော့ သမိုင်းမှာ မရှိခဲ့ဖူးဘူး။ မနှစ်ကလည်း ၃ ဘာသာ တယောက်ပဲ ရတာလေ” လို့ ပြောပါတယ်။
မန္တလေးထောင်မှာ အကျဉ်းကျနေသူ ၅၅ ယောက် ဖြေဆိုခဲ့တာဟာလည်း တနိုင်ငံလုံးက ထောင်တွေထဲမှာ အများဆုံး ဖြစ်ပါတယ်။
မနှစ်က စာမေးပွဲမှာတော့ မန္တလေးထောင်ကနေ ဖြေဆိုသူ ၁၁ ယောက်မှာ ၇ ယောက် အောင်မြင်ခဲ့ပါတယ်။
ဘားအံထောင်ကတော့ ၇ ယောက်ဖြေဆိုရာမှာ ဂုဏ်ထူး ၁ ဘာသာနဲ့ တယောက်ပဲ အောင်မြင်ခဲ့ပါတယ်။ ကျန်တဲ့ ထောင်တွေကနေ ဖြေဆိုသူတွေထဲမှာတော့ အောင်မြင်သူမရှိဘူး။
မနှစ်က စာမေးပွဲမှာတော့ ထောင်ထဲက ဖြေဆိုပြီး ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့သူတွေကို အောင်စာရင်းထွက်ပြီး တလကျော်အကြာမှာ သမ္မတက လွတ်ငြိမ်းခွင့် ပေးခဲ့ပါတယ်။