မြင်းခြံ ယာဉ်ရပ်နားကွင်းလမ်းများ အမြန်ပြုပြင်ပေးရန် တောင်းဆို
DVB
·
June 1, 2018
မန္တလေးတိုင်းဒေသကြီး မြင်းခြံယာဉ်ရပ်နားကွင်း (ကားကြီးကွင်း) အတွင်းမှာရှိတဲ့ လမ်းတွေဟာ မိုးတွင်းကာလမှာ သွားလာရတာ အလွန်ဆိုးဝါးနေတာကြောင့် အမြန်ဆုံး ပြုပြင်ပေးစေချင်တယ်လို့ ယာဉ်ကြီးကြပ်ရေးရုံးမှ အတွင်းရေးမှူး ဦးကျော်မျိုးသန့်က ပြောပါတယ်။
မြင်းခြံ ယာဉ်ကြီးကြပ်ရေးရုံးမှ အတွင်းရေးမှူး ဦးကျော်မျိုးသန့်က "ကားဝင်း ဖြစ်တဲ့အတွက် ကားလမ်းတွေ ကောင်းဖို့ လိုပါတယ်။ ဒီကားလမ်းတွေ မကောင်းတော့ စည်ပင်ကို အကြိမ်ပေါင်းများစွာ အကြောင်းကြားတယ်။ စည်ပင်ကလည်း ဘတ်ဂျက်တင်ထားတယ်၊ ကျလာရင် ပြင်ပေးမယ်လို့ပဲ ပြောတယ်။ စည်ပင်အနေနဲ့က ဒီကားဝင်းကို ကောက်ခံမှုမျိုးစုံနဲ့ ကောက်ယူနေတယ်။ ယာဉ်ဝင်းထဲမှာ မော်တော်ဆိုင်ကယ်ကအစ ကောက်ခံတယ်။ ဒီလို ကောက်ခံမှုတွေ အတိအကျ လုပ်ဆောင်နေပြီး ကားဝင်းထဲက လမ်းတွေကိုတော့ ကောင်းမွန်အောင်လုပ်ပေးဖို့ လိုပါတယ်။ ဒီလို လုပ်ပေးမှသာ ကားဝင်းကို အသုံးပြုနေတဲ့သူတွေ၊ စီးပွားရှာဖွေနေတဲ့သူတွေ အကျိုးဖြစ်မှာ ဖြစ်တဲ့အတွက် အမြန်ပြင်ပေးစေလိုတာပါ။ ကျနော်တို့ သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေကို တင်ပြပြောဆိုတာတွေ ရှိပေမယ့် ဒီလမ်းတွေက ကောင်းမလာဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
မြင်းခြံကားကြီးကွင်းကို ၂၀၀၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ကားဂိတ် ၅၆ ဂိတ်နဲ့အတူ ကုန်မျိုးစုံ အရောင်းအဝယ်ပြုလုပ်နေတဲ့ ပွဲရုံတွေ၊ နေ့စဉ် ရပ်ဝေး ရပ်နီး ခရီးသွားပြည်သူတွေ အများအပြား ဝင်ရောက်နေပြီး ကားဝင်း အတွင်းအပြင် တိုက်ခန်းပေါင်း ၃၆၅ ခန်း ပါဝင်တာ ဖြစ်ပါတယ်။
မြင်းခြံ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝင့်သူက " ကျနော်တို့ ကော်မတီ လက်ထက်မှာ ကားဝင်းကို ပေ ၂၀၀၀ နီးပါး ကတ္တရာခင်းပေးခဲ့တယ်၊ ကျန်တဲ့ ပေ ၁၂၀၀ ကျော်ကို ကျနော်တို့ စည်ပင်က ကတ္တရာ အလုံး ၅၀ ပေးမယ်၊ ကားဝင်းက အလုပ်သမားနဲ့ ကျောက်ဖိုး ထည့်ပေးဖို့ ပြောခဲ့တယ်။ အဲ့လိုပြောတော့ ကားဝင်းက ထွက်မလာဘူး။ ကျနော်တို့ မြို့ပြဖွံ့ဖြိုးဖို့ဆိုတာက အများပြည်သူ ပူးပေါင်းဖို့လိုပါတယ်။ ဒီကားကြီးကွင်းကိုတော့ ၂၀၁၈-၂၀၁၉ ဘတ်ဂျက် ကာလမှာ လိုအပ်တဲ့ ပေ ၁၂၀၀ ကို တိုင်းက ခွင့်ပြုတဲ့အချိန်မှာ ခင်းပေးသွားမှာပါ” လို့ ပြောပါတယ်။
မြင်းခြံစည်ပင်သာယာမှ ပွဲရုံ နဲ့ ကားဂိတ်ကို ၁ ခန်းလျှင် ၁ လ ၇၀၀၀ ကျပ်နှုန်း၊ စားသောက်ဆိုင် ၁ ခန်းကို ၁ လ ၅၀၀၀ ကျပ်နဲ့ အပြင် တိုက်ခန်းတခန်းကို အမျိုးအစားလိုက်ပြီး ၁ လ ၃၀၀၀ ကျပ် မှ ၃၅၀၀ ကျပ်တို့နဲ့ လစဉ် ကောက်ခံနေတာလည်းဖြစ်ပြီး ကားကြီးကွင်းအတွင်း ဝင်ရောက်မယ့် မော်တော်ဆိုင်ကယ် ၁ စီးကို ၁၀၀ ကျပ်နဲ့ နေ့စဉ် ကောက်ခံနေတာလည်း ဖြစ်ပါတယ်။
ခုလို မိုးတွင်းရာသီ ရောက်လာတဲ့အချိန်မှာဆို ကားကြီးကွင်းအတွင်းမှာ ရေဝပ်တာ၊ ရေစီးရေလာမရှိလို့ ရေအိုင်ဖြစ်တာ၊ ဗွတ်ထတာတွေအပြင် သွားလာရခက်ခဲတာကြောင့် နှစ်စဉ် မြို့လူထုတွေက ဝေဖန်နေကြတာပါ။
သတင်း - ရီရီထွန်း (မြင်းခြံ)