မြင်းခြံတွင် MPT တာဝါတိုင် ဆောက်လုပ်မည့်ကိစ္စ ဒေသခံများ ကန့်ကွက်
DVB
·
May 28, 2018
မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် ၁၈ ရပ်ကွက်ရှိ ဝန်ထမ်းကွက်သစ် မြေနေရာမှာ Irrawaddy Green Towers ကုမ္ပဏီက MPT ဆက်သွယ်ရေး တာဝါတိုင် တာဝန်ယူ ဆောက်လုပ်မှာကို ပွင့်လင်းမြင်သာမှုမရှိလို့ဆိုပြီး ရပ်ကွက်နေထိုင်သူတွေက ကန့်ကွက်နေပါတယ်။
အမှတ် ၁၈ ရပ်ကွက်နေ ကိုသက် “MPT ဆက်သွယ်ရေး တာဝါတိုင်နဲ့ ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆိုးကျိုး ၊ ကောင်းကျိုးတွေကို ရှင်းပြတာတွေ မရှိခဲ့ဘူး။ ဘာမှ ပွင့်လင်းမြင်သာမှုမရှိဘူး။ အုပ်ချုပ်ရေးမှူးက ဒီနားထိစပ်နယ်မြေ ဧရိယာနဲ့တကွ ရပ်ကွက်နေပြည်သူတွေကို MPT တာဝါတိုင် ဆောက်ပါ့မယ်လို့ ချပြပြောဆိုတာမျိုး မရှိဘူး။ တာဝါတိုင်ဆောက်မယ့် ကုမ္ပဏီနဲ့ အုပ်ချုပ်ရေးမှူး ပေါင်းပြီးတော့ ဒီနားက ဘောင်မဝင်တဲ့ ကျူးကျော်တွေကို လက်မှတ်ထိုးခိုင်းပြီး၊ ဒီရပ်ကွက်မှာ တကယ့်ဘောင်ဝင်တဲ့ ပြည်သူလူထုေ တွရဲ့ ထိစပ်ဧရိယာကို တောင်းခံခြင်းမရှိခဲ့ဘူး။ ပြီးတော့ သူလုပ်ထားတဲ့ အရာတွေအတွက် ဘာတခုမှ တာဝန်ယူမှု တာဝန်ခံမှုမရှိဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။
အုပ်ချုပ်ရေးမှူးအနေနဲ့ မိမိရရှိထားတဲ့ အခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး တာဝါတိုင် ဆောက်လုပ်ခွင့်ပြုလိုက်တာလို့လည်း ရပ်ကွက်နေသူတွေက ဝေဖန်ပြောကြားပါတယ်။
အမှတ် ၁၈ ရပ်ကွပ် အုပ်ချုပ်ရေးမှူး ဦးသိန်းလွင်ကတော့ “မြို့နယ်နဲ့ စည်ပင်သာယာက ဆောက်လုပ်ခွင့်ပြုပေးထားတာ ဆိုတော့ ကျနော့်အနေနဲ့ ခွင့်ပြုရတာပါ။ တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ဖြေလျော့ထားတာတွေ ရှိတယ်။ ပြီးတော့ ဒီတာဝါတိုင်နဲ့ပတ်သက်ပြီး ကျန်းမာရေးထိခိုက်မှာ မစိုးရိမ်ရပါဘူး။ အထက်က စီစဉ်တဲ့အတိုင်း ဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။
ဒါ့အပြင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်ကလည်း “ကန့်ကွက်နေတာက နှစ်ဦးပဲရှိတာ။ သက်ဆိုင်ရာ ပတ်ဝန်းကျင်အားလုံးက သဘောတူတယ်၊ ထောက်ခံတယ်၊ ပြီးတော့ စည်ပင်သာယာက ခွင့်ပြုတဲ့ သဘောထားနဲ့အညီ ကျနော်တို့ မြို့နယ်ကပါ ခွင့်ပြုပေးခဲ့တာပါ”လို့ ပြောပါတယ်။
မြို့နယ်တွေမှာ မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဆက်သွယ်ရေး တာဝါတိုင်တွေ စိုက်ထူခွင့် တင်ပြလာတာနဲ့ပတ်သက်ပြီး အဆောက်အဦ ဆောက်လုပ်ခွင့်လိုပဲ ပတ်ဝန်းကျင် ထောက်ခံချက်တွေ တောင်းခံဖို့ မလိုကြောင်း ၂၀၁၇ ဒီဇင်ဘာ ၃၀ရက်က ပြုလုပ်တဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန စီမံခန့်ခွဲမှုအစည်းအဝေးမှာ ဝန်ကြီးက ဖြေလျော့ပေးခဲ့ ပါတယ်။
MPT ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဌာန အသီးသီးက ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် ရပ်ကွက်နေပြည်သူတွေက ဆက်ပြီး ကန့်ကွက်သွားမှာဖြစ်ပြီး ဆက်လက်လုပ်ဆောင်ပါက နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတဆီကို စာတင်ပြီး ကန့်ကွက်မယ်လို့ ပြောပါတယ်။
သတင်း - ရီရီထွန်း (မြင်းခြံ)