ပုဒ်မ ၃ ခုဖြင့် တရားစွဲခံနေရတာ တရားမျှတမှုမရှိဟု ဒေါက်တာအေးမောင် ပြော
DVB
·
May 16, 2018
စာပေဟောပြောပွဲတခုတည်းကို ပုဒ်မသုံးခုနဲ့ တရားစွဲဆိုခံထားရတာဟာ တရားမျှတမှု မရှိတဲ့အကြောင်းနဲ့ ပုဒ်မ သုံးခုလုံးကို ချေဖျက်ပေးဖို့ ဒေါက်တာအေးမောင်က ဒီကနေ့ စစ်တွေတရားရုံးမှာ ၁၁ ကြိမ်မြောက် ရုံးထုတ်စဉ်မှာ တောင်းဆိုပါတယ်။
ရသေ့တောင်မြို့ စာပေဟောပြောပွဲမှာ ဒေါက်တာအေးမောင်တို့ရဲ့ ဟောပြောချက်တွေနဲ့ ပတ်သက်လို့ တရားစွဲဆိုထားတဲ့ ပုဒ်မတွေဟာ အကျုံးမဝင်တဲ့အတွက် စွဲထားတဲ့ အမှုအားလုံးကို ချေဖျက်ပေးဖို့ ရခိုင်ပြည်နယ်တရားလွှတ်တော်ကို မေလ ၃ ရက်က တရားခံရှေ့နေတွေက လျှောက်လဲချက်တင်ခဲ့ပါတယ်။
ဒီလျှောက်လဲချက်နဲ့ပတ်သက်ပြီး ဘယ်လို ဆုံးဖြတ်မလဲဆိုတာကတော့ ရခိုင်ပြည်နယ် တရားလွှတ်တော်အပေါ်မှာ မူတည်သွားပြီလို့ ဒေါက်တာအေးမောင်က ဒီကနေ့ ရုံးထုတ်စစ်ဆေးချိန်မှာ ပြောပါတယ်။
စာရေးဆရာ ဝေဟင်အောင်ကလည်း အစိုးရအနေနဲ့ တိုင်းရင်းသားစာပေတွေကို မြှင့်တင်ပေးရမယ့်တာဝန်ရှိပြီး စာပေဟောပြောပွဲတွေ ပိတ်ပင်တာ၊ ရခိုင်စာပေ ဟောပြောတာကို ဖမ်းဆီးလာတာတွေဟာ ဒီအစိုးရ လက်ထက်မှာ ရခိုင်စာပေ တိုးတက်မလာဘဲ ဆုတ်ယုတ်လာတယ်လို့ြောပါတယ်။
ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ်မှာ ပြုလုပ်တဲ့ စာပေဟောပြောပွဲနဲ့ပတ်သက်လို့ နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ)၊ မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့နဲ့ ဖမ်းဆီးပြီး အမှုဖွင့်ထားတာဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် တရားလွှတ်တော်က ဘယ်နေ့မှာ အဆုံးအဖြတ်ပေးမယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
သတင်း - ဝဏ္ဏခွာညို