မင်းကင်းတွင် အိန္ဒိယနိုင်ငံသားများအား တရားမဝင် ခေါ်လာသူ ၃ ဦးကို အရေးယူ
DVB
·
May 11, 2018
အိန္ဒိယနိုင်ငံသား ၆ ဦးအား တရားမဝင် ခေါ်လာသူတွေကို အရေးယူထားတယ်လို့ မင်းကင်းမြို့နယ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မင်းကင်းမြို့နယ်၊ ကျောက်တန်းကျေးရွာအနီး ယာကြီး-ကလေးဝ ကားလမ်း မိုင်တိုင်အမှတ် (၈၅/၁) မှာ မေ ၉ ရက်နေ့ မနက်ပိုင်းက ကြာပင် ရဲကင်းစခန်း တပ်ဖွဲ့ဝင်တွေက ဆိုင်ကယ် ၃ စီးကို မသင်္ကာလို့ ရပ်တန့်စစ်ဆေးရာက တရားမဝင်ခေါ်ဆောင်လာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။
စိုင်းအောင် မောင်းနှင်တဲ့ ဆိုင်ကယ်မှာ လားလာ (၁၇-နှစ်)နဲ့ မတာဟဲရာ (၁၅-နှစ်)၊ စိုးမင်းနိုင် ဆိုင်ကယ်မှာ စူလ်တန်အစ္စလာမ် (၁၇-နှစ်)နဲ့၊ မဘေဂါမ်ဂျမ် (၁၇-နှစ်)၊ ဆွေနတ် မောင်းနှင်တဲ့ ဆိုင်ကယ်မှာ မတာဟဲရာ (၁၆-နှစ်)နဲ့ မရော်စီကာ (၁၅-နှစ်)တို့ ၂ ဦး၊ စုစုပေါင်း အိန္ဒိယနိုင်ငံသား ၆ ဦးတို့ စစ်ဆေးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
စစ်ဆေးချက်အရ စိုင်းအောင်ပါ ၃ ဦးဟာ တမူးမြို့၊ နန့်ဖာလုံဈေးမှ စူလ်တန်အစ္စလာမ် ပါ ၆ ဦးအား ၁ ဦးလျှင် ၅၀,၀၀၀ ကျပ်နှုန်းနဲ့ ကလေး-ကလေးဝ-ယာကြီးလမ်းအတိုင်း ဆိုင်ကယ်နဲ့ ခေါ်ဆောင်လာစဉ် ဖမ်းဆီးခံရတာလို့ သိရပါတယ်။
သူတို့ ၆ ဦးဟာ စူလ်တန်အစ္စလာမ်ရဲ့ အစ်ကိုဝမ်းကွဲတော်စပ်သူ မန္တလေးမြို့နေသူထံ သွားရောက်ပြီး အလုပ်အကိုင်ရှာဖွေဖို့ တရားမဝင် ထွက်ခွာလာတာဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်လို့ တရားမဝင် ဝင်ရောက်လာသူ အိန္ဒိယနိုင်ငံသားတွေနဲ့ ခေါ်ဆောင်လာသူ စိုင်းအောင်ပါ ၃ ဦးကို အရေးယူထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ - ရဲဇာနည်