တရားမဝင် တရုတ်ကုန်ကားများပေါ်မှ မြေဆီအိတ် ၁၂၀၀၀ ကျော် စစ်ဆေးတွေ့ရှိ
DVB
·
August 10, 2018
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဆဒုံးရေတံခွန်အနားမှာ တရုတ်နိုင်ငံဘက်နေ တရားမဝင် ဝင်ရောက်လာတဲ့ ကုန်တင်ကားတွေကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေရာမှာ မြေဆီအိတ်စုစုပေါင်း ၁၂၀၀၀ ကျော် စစ်ဆေးတွေ့ရှိရပါတယ်။
ဩဂုတ် ၂ ရက်က ဆဒုံးရေတံခွန်အနီးမှာ ဖမ်းဆီးထားတဲ့ တရုတ်ကုန်တင်ကား ၃၁ စီးကို သြဂုတ် ၆ ရက်က စလို့ ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမြို့တွေမှာ နှစ်နေရာခွဲပြီး စစ်ဆေးနေတာပါ။
မြစ်ကြီးနားမှာ ကား ၁၂ စီးကို ဖောက်စစ်တဲ့အခါမှာ မြေဆီအိတ် စုစုပေါင်း ၁၂၃၀၃ အိတ် တွေ့ရှိခဲ့ပြီး ဝိုင်းမော်မှာ စစ်တဲ့ကား ၆ စီးမှာတော့ စက္ကူလိပ်၊ ဖော့ပြားတွေနဲ့ ကတ်ထူပုံးတွေ တွေ့ရှိရတယ်လို့ မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့က သိရပါတယ်။
ဖမ်းဆီးထားတဲ့ကား ၃၁ စီးအနက် ၁၈ စီးကို စစ်ဆေးပြီးစီးသွားပြီဖြစ်ပြီး ကျန်ရှိတဲ့ ကားတွေပေါ်မှာ ပါတဲ့ပစ္စည်းတွေ အားလုံးကို သက်ဆိုင်ရာဌာနပေါင်းစုံပါတဲ့ အဖွဲ့ပေါင်းစုံကနေ အသေးစိတ် ဆက်လက်စစ်ဆေးနေပါတယ်။