ပြည်မြို့တွင် မူးယစ်ဆေးဝါး ရောင်းချသုံးစွဲသည့်နေရာကို လျှပ်တပြက် ဝင်ရောက်ဖမ်းဆီး
မင်းညို
·
May 7, 2018
ပြည်မြို့မှာရှိတဲ့ မူးယစ်ဆေးဝါးရောင်းချသုံးစွဲတဲ့နေရာတခုကို ပဲခူးတိုင်း မှုခင်းနှိမ်နင်းရေးအဖွဲ့က လျှပ်တပြက် ဝင်ဖမ်းရာမှာ ၃ ယောက် ဖမ်းမိပြီး ၂ ယောက် ထွက်ပြေး လွတ်မြောက်သွားပါတယ်။
ပဲခူးတိုင်း၊ မှုခင်းနှိမ်နှင်းရေးဌာနစုကိုတိုင်ကြားထားတဲ့အတွက် ပြည်မြို့၊ သဇင်လှရပ်ကွက်၊ စက်မှုဇုန် ၂ အတွင်းမှာ WY စိတ်ကြွမူးယစ်ဆေးဝါးတွေ လက်လီ ရောင်းချသုံးစွဲတဲ့ နေရာတခုကို မေလ ၆ ရက်နေ့ နေ့လယ်က ၀င်ရောက်ဖမ်းဆီးခဲ့တာပါ။
အဲဒီလို ဖမ်းဆီးရာမှာ အမျိုးသမီးတယောက် အမျိုးသား နှစ်ယောက်ကိုပဲ ဖမ်းမိပြီး ကျန်သူတွေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တယောက်က ပြောပါတယ်။
“အခုဖမ်းဆီးမှုက အဓိကတရားခံတွေ လွတ်မြောက်သွားပြီး ရောင်းဝယ်ဖောက်ကားနေတဲ့ လူတွေအများစု လွတ်မြောက်သွားပါတယ်။ ဘာလို့လဲဆိုရင် နာမည်တွေရေးထားတဲ့ ငွေထုပ်ကလေးတွေ အများကြီးတွေ့နေရတယ်။ အဲဒါတွေမှာ နာမည်တွေလည်း ရေးထားတယ်။ ဒီမှာထိုင်ပြီး ဖြန့်နေပုံရတယ်”
ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း အခုအဖမ်းခံရတဲ့ အိမ်ရှင်နဲ့ဆွေမျိုးတော်တဲ့ ဂန္ဓ၀င်ဘီယာဆိုင်ကနေ မူးယစ်ဆေးတွေ ဖမ်းမိခဲ့တာကြောင့် ပြည်မြို့နယ်ရဲတပ်ဖွဲ့က စောင့်ကြည့်နေခဲ့ကာ အခုက တိုင်းက လျှပ်တပြက်ဝင်ဖမ်းလိုက်တာလို့ ပြည်မြို့မရဲစခန်းမှူးက ပြောပါတယ်။
ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ရာအိမ်မှူး ကိုအောင်ထွန်းလင်းက “ကျနော့်ကို အမှတ်(၂)ရဲစခန်း နယ်ထိမ်းကိုမောင်စိုးက (ရ၀တ)မှာ မနက် ၉ နာရီထိုးမှာ လာခေါ်တာ၊ အဲဒီကိုရောက်တော့ အိမ်ရှင်ကိုတင်ထွန်းလင်း နာမည်နဲ့ ဖမ်းဝရမ်းပါလာတာ။ အဲဒီမှာ ရှာကြတော့ ရှုတဲ့ဘူးလည်း တွေ့တယ်။ ခဲပြားတွေလည်း တွေ့တယ်။ လမ်းဘေးလွင့်ပစ်တဲ့ စိတ်ကြွဆေးပြားတထုပ်တွေ့တယ်။ အဲဒီထဲမှာ ဆေးပြား ၂၉ ပြားပါတယ်။ နောက်သူတို့ ဘီဒိုထဲမှာ ဆေးမှုန်တွေ အများကြီးတွေ့တယ်။ နောက်ငွေ သိန်း ၂၅ နဲ့ ဆေးပြား ၁၀ ပြား ထပ်တွေ့တယ်။ နောက်ထပ်တွေ့တာပါနဲ့ဆိုရင် အပြား ၅၀ ပေါ့။ အဲဒါတွေအတွက် ကျနော်က ရာအိမ်မှူးအနေနဲ့သက်သေ လက်မှတ်ထိုးပေးရတာပေါ့။ သူတို့ အရင်က ဒီမှာနေတာ မဟုတ်ဘူး။ နောက်မှပြောင်းလာတာ”လို့ ပြောပါတယ်။
အခုဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေအတွက် အိမ်ရှင်ကိုတင်ထွန်းလင်း၊ ကိုကောင်းကျော်မင်းနဲ့ မသဇင်ဦးတို့ကို မယ(ပ)၂/၂၀၁၈ ပုဒ်မ ၁၉(က)/၂၁ တို့နဲ့ ပြည်မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်။