Homeမြန်မာသတင်း
ရဲတပ်ကြပ်ကြီး ခင်မောင်လင်းကို ညှဉ်းပန်းနှိပ်စက်မှုမလုပ်ရန် လူ့အခွင့်အရေးကော်မရှင် စာပေးပို့
ရဲတပ်ကြပ်ကြီး ခင်မောင်လင်းကို ညှဉ်းပန်းနှိပ်စက်မှုမလုပ်ရန် လူ့အခွင့်အရေးကော်မရှင် စာပေးပို့
ပိုင်စိုး
·
May 5, 2018
ရိုက်တာသတင်းထောက်တွေနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ရဲတပ်ကြပ်ကြီး ခင်မောင်လင်းကို ညှဉ်းပန်းနှိပ်စက်တာတွေ မလုပ်ဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြည်ထဲရေးကို စာနဲ့ ပေးပို့ တိုက်တွန်းထားပါတယ်။
ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ဆက်စပ်ပြီး ရိုက်တာ သတင်းထောက် နှစ်ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသလို ဒုရဲမှူး တယောက်နဲ့ ရဲတပ်ကြပ်ကြီး တယောက်ကိုပါ ဖမ်းဆီးထားတာပါ။
ဒုရဲမှူး ဖြစ်သူ မိုးရန်နိုင်ကိုတော့ လတ်တလောမှာ ထောင်ဒဏ် ၁ နှစ်ချမှတ်လိုက်ပြီး ဖြစ်ပါတယ်။ သူနဲ့အတူ ဖမ်းထားတဲ့ ရဲတပ်ကြီးကို ရဲတရားရုံးနဲ့ စစ်ဆေးနေတယ်လို့ပဲ သိထားပြီး ဘယ်နေရာမှာ ချုပ်နှောင်ထားတယ်လို့ မသိရကြောင်း လူမှုကွန်ရက် စာမျက်နှာတွေမှာ တွေ့ရတယ်လို့ လူ့အခွင့်အရေး ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က “သူ့ကို ညှဉ်းပန်းနှိပ်စက်တာ မလုပ်ဖို့၊ ကျန်းမာရေး စောင့်ရှောက်မှုရဖို့၊ မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ တွေ့ခွင့်ရဖို့ အပါအဝင် အခြေခံ လူ့အခွင့်အရေးတွေ ရဖို့ ပြည်ထဲရေးနဲ့ ရဲချုပ်ကို မနေ့ကပဲ စာနဲ့ ပေးပို့ထားပါတယ်” လို့ ပြောပါတယ်။
ကာလတခုအထိ စောင့်ကြည့်ဖို့လိုမယ်လို့လည်း သူက ပြောပါတယ်။