အနာဂတ် မြန်မာ့နိုင်ငံရေးအလားအလာ သုံးသပ်ဆွေးနွေးပွဲ လွိုင်ကော်တွင် ကျင်းပ
DVB
·
May 1, 2018
ကယားပြည်နယ် အခြေစိုက် ဒေသခံ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ပြည်မက နိုင်ငံရေးပါတီတွေဟာ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ အနာဂတ်မြန်မာ့နိုင်ငံရေး အလားအလာတွေကို သုံးသပ်တဲ့ ဆွေးနွေးပွဲကို လွိုင်ကော်မြို့ရှိ ဟိုတယ်လွိုင်ကော်မှာ ပြုလုပ်ခဲ့ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အရန်ဗဟိုကော်မတီ ဦးမော်ရယ်၊ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကယားပြည်နယ်ဥက္ကဋ္ဌ ဦးသောင်းဌေးတို့ ပါဝင်ဆွေးနွေးခဲ့ပြီး ကယားပြည်နယ်အခြေစိုက် ဒေသခံတိုင်းရင်းသားပါတီတွေအနေနဲ့ ကယန်းအမျိုးသားပါတီ ဗဟိုကော်မတီဝင် မူနန်းဝေဝေထွန်း၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဦးစောဒယ်နီရယ်တို့ တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။
ကယန်းအမျိုးသားပါတီ ဗဟိုကော်မတီဝင် မူနန်းဝေဝေထွန်းက "ကျမအနေနဲ့ကတော့ အဓိက ထောက်ပြချင်တာက အခုကျမတို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ ကန့်သတ်ချက်တွေပေါ့။ ဒီ အန်စီအေထိုးခြင်း၊ မထိုးခြင်းရယ် နောက် အနိုင်ရပါတီ၊ အနိုင်မရပါတီ ခွဲခြားထားခြင်းတွေဟာ ကျမတို့ တိုင်းရင်းသား လူနည်းစုပါတီတွေအနေနဲ့ ဒါဟာ နိုင်ငံရေးဆွေးနွေးပွဲအပေါ် မတက်ရောက်နိုင်တဲ့ တားမြစ်ချက်မျိုး ဖြစ်နေတယ်" လို့ သုံးသပ်ပါတယ်။
အန်စီအေလက်မှတ်ထိုးဖို့ တိုက်တွန်းကြပေမယ့် လက်မှတ်ထိုးပြီးတဲ့ အဖွဲ့တွေရဲ့ ခံစားခွင့်၊ အခွင့်အရေးဟာလည်း အရင်ပြောထားသလို မဟုတ်တော့ဘူးလို့ ထင်မြင်ယူဆပြီး တိုင်းရင်းသားပါတီတွေကို လက်တွဲခေါ်ယူမှု အားနည်းနေတယ်လို့ မူနန်းဝေဝေထွန်းက ဆိုပါတယ်။
ဒီဆွေးနွေးပွဲမှာ ပြည်တွင်းစစ်အခြေအနေ၊ ရခိုင်အရေး၊ ပါတီတွေရဲ့ မူဝါဒ၊ ငြိမ်းစုစီဥပဒေ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်း၊ မြန်မာ့တပ်မတော် အခန်းကဏ္ဍ၊ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု အခြေအနေ၊ ဖက်ဒရယ်ရေးရာ၊ ၂၁ ရာစု ပင်လုံညီလာခံရေးရာနဲ့ စီးပွားရေး အခြေအနေ စတဲ့ အကြောင်းအရာတွေအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲကို ကရင်နီပြည်လူငယ်များသမဂ္ဂ (ယူအေအက်စ်ဝိုင်)က စီစဉ်ပြုလုပ်တာ ဖြစ်ပြီး ကယားပြည်နယ်မှာ ပထမဆုံး ပြုလုပ်တာလည်း ဖြစ်ပါတယ်။
ယူကေအက်စ်ဝိုင်အဖွဲ့ဝင် ကိုမျိုးလှိုင်ဝင်းက "ကျနော်တို့က ငြိမ်းချမ်းရေးပဲပြောပြော၊ လူ့အခွင့်အရေးပဲပြောပြော၊ ဖက်ဒရယ်ပဲပြောပြော၊ ဒီမိုကရေစီပဲ ပြောပြော ဒီကနေ့ကာလ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ လုံးဝမဖြစ်နိုင်ဘူး။ အဲ့ဒါကြောင့် ရှေ့ဆက် မြန်မာ့ နိုင်ငံရေးအလားအလာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေဥပဒေနဲ့ ချိတ်ဆက်ဖို့ မဖြစ်နိုင်ဘူး။ ပြည်သူတွေပဲ နှစ်နာသွားမယ်၊ ကျနော်တို့ တိုင်းရင်းသားပြည်သူတွေ လိုလားတဲ့ ဖက်ဒရယ်တို့ ငြိမ်းချမ်းရေးတို့ ဒီမိုကရေစီတို့ ဘယ်တော့မှ ရမှာမဟုတ်ဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ အဓိက ပြုလုပ်ရခြင်းဖြစ်တယ်" လို့ ပြောပါတယ်။
အခု ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေက မေးခွန်းမေးမြန်းတာတွေနဲ့ အပြန်အလှန်ဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ ပြည်မပါတီတွေက ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေ၊ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့က ကိုယ်စားလှယ်တွေလည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ - ခွန်းတူးတူးလေး