မင်းပြားမြို့အနောက်ဘက် တောင်တန်းတွင် တောမီးလောင်
DVB
·
April 24, 2018
ရခိုင်ပြည်နယ်၊ မင်းပြားမြို့အနောက် ၂ ဖာလုံကွာဝေးတဲ့ ဆင်ကြီးပြင်ရွာ တောင်ကျော်လမ်းအနီးမှာ ဒီကနေ့ ညနေပိုင်းစလို့ တောမီးလောင်မှုတွေ ဖြစ်ပွားနေပါတယ်။
ဒီကနေ့ ညနေပိုင်း ၆ နာရီကျော်လောက်မှာ မီးစလောင်တာလို့ ခန့်မှန်းရပြီး မီးဟာ ၆ ဧကနီးပါးအထိ လောင်ကျွမ်းသွားပြီလို့ မင်းပြားအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းက မနေ့ ည ၈ နာရီခွဲလောက်မှာ ဒီဗွီဘီကို ပြောပါတယ်။
“မင်းပြားမြို့ရဲ့ ကျိန်းတောင်အနောက်ဘက်မှာပါ။ ဆင်ကြီးပြင်ရွာအနီး လောင်နေတာပါ။ ညနေ ၆ နာရီလောက် စလောင်တာ ထင်တယ်။ လောင်နေတာ ၅ ဧက ကျော် ၆ ဧက လောက်ရှိနေပြီ။ အခုတော့ မီးက နည်းနည်းငြိမ်းသွားပြီ။ စိုးရိမ်စရာ မရှိတော့ပါဘူး။ မီးက ငြိမ်းသွားပြီလို့ ပြောလို့ရပါတယ်”လို့ ပြောပါတယ်။
တောမီး စတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းနဲ့ သဘာဝအတိုင်း လောင်ကျွမ်းတဲ့ တောမီးလား၊ ရှို့မီးကြောင့်လား ဆိုတာကတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။
မင်းပြားအုပ်ချုပ်ရေးမှူးကတော့ လောလောဆယ်တော့ ဘယ်သူတွေ မီးရှို့ခဲ့တယ်ဆိုတာ မသိရသေးဘဲ မီးရှို့တဲ့သူတွေကို ဆက်လက်စုံစမ်းဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
သတင်း- ဝဏ္ဏခွာညို၊ ဓာတ်ပုံ - ညီညီအောင်