မင်းပြားမြို့ မီးလောင်၊ ၄ ဦး ပြင်းထန်စွာဒဏ်ရာရ
DVB
·
November 25, 2016
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက် တံတားဟောင်းအနီး ဒီနေ့ မနက် ၁၁ နာရီလောက်က မီးလောင်နေပြီး ၄ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိပါတယ်။
လက်ရှိအချိန်အထိ မီးထိန်းနိုင်မှုမရှိသေးဘဲ ဆက်လက်လောင်ကျွမ်းနေပြီး မီးလောင်တဲ့နေရာကို သွားရောက်ပြီး မီးသတ်နေတယ်လို့ မင်းပြားမြို့မီးသတ်ဌာနက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ အခု သွားနေပါပြီ၊ လမ်းမှာပါ။ ဘယ်ကစလောင်နေတယ်ဆိုတာ မသိရသေးဘူး။ ဆီဗုံးတွေ ပေါက်တယ်လို့ ကျနော်တို့ ကြားပါတယ်။ မီးကတော့ နည်းနည်း များတယ်လို့ ကျနော်တို့ ကြားရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကလည်း အဲဒီနေရာပဲ လောင်တာ။ ဒီနှစ်လဲ ထပ်လောင်တယ်။”
မီးလောင်ဘယ်ကနေ စလောင်တယ်ဆိုတာ လောလောဆယ်မသိရပေမယ့် အဲဒီနေရာမှာ ဆီပုံးတွေ သိုလှောင်ထားတဲ့ နေရာဖြစ်တာကြောင့် အဲဒီနေရာကို ဆက်လက်လောင်းကျွမ်း နေတယ်လို့ ပြောပါတယ်။
မီးလောင် တဲ့နေရာကိုတော့ မီးလောင်းကားတွေရောက်ရှိနေပါပြီးဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ လူနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိထားပြီး မင်းပြားပြည့်သူဆေးရုံကို တင်လိုက်တယ်လို့ ဦးစီးတင်ရပ်ကွက်မှ ကိုညီညီအောင်က ဒီဗွီဘီကို ပြောပါတယ်။
“နှစ်ယောက်က လက်တလောဒဏ်ရာပြင်းထန်ရထားပါတယ်။ အခု ဆေးရုံကိုပို့ဖို့ လုပ်နေပါတယ်ခင်ဗျ။ မီးကတော့ နည်းနည်းငြိမ်သွားပါပြီး လောလောဆယ်တော့ နှစ်ယောက်ပါ။ မီးလောင်ထားတဲ့နေရာတွေကို ကျနော်တို့ သွားလို့ မရသေးဘူး။”