ထောက်ကြန့် မြို့ရှောင်လမ်းတွင် ယာဉ် ၂ စီးတိုက်မိပြီး ၆ ဦးသေ၊ ၁၆ ဦး ဒဏ်ရာရ
DVB
·
April 10, 2018
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ မြို့ရှောင်လမ်းဆုံမှာ ဒီနေ့ မနက် ၇ နာရီခွဲလောက်က ပဲခူးဟိုင်းလတ်ယာဉ်နဲ့ မီနီဘတ်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာ ၆ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
မြောက်ပိုင်းခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲအုပ်ထွန်းထွန်းက “အဲဒီယာဉ်တိုက်မှုမှာ ယာဉ်မောင်း ၂ ဦးလုံး ဒဏ်ရာရရှိပြီး ဆေးရုံပို့ဆောင်ထားရတဲ့အတွက် စစ်ဆေးမေးမြန်းလို့ မရရှိသေးဘဲ ယာဉ်ပိုင်ရှင်တွေကို ဆက်သွယ်ထားပါတယ်။ ဟိုင်းလတ်ယာဉ်မောင်းကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၄(က)နဲ့ တရားလိုပြုလုပ် အမှုဖွင့်ထားတယ်”လို့ ပြောပါတယ်။
ဟိုင်းလတ်အဖြူရောင်ကားက ရန်ကုန်ဘက်က မောင်းနှင်လာတာဖြစ်ပြီး ခရီးသယ်တင် မီနီဘတ်စ်ကားက ပဲခူးဘက်ကမောင်းလာကာ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာပါ။
သေဆုံးသူ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးတို့ဟာ အသက် ၃၅ နှစ်နဲ့ ၅၀ နှစ် ဝန်းကျင်ရှိသူတွေဖြစ်ပြီး ဒဏ်ရာရရှိသူတွေကိုတော့ အင်းစိန်ဆေးရုံကို ပို့ဆောင်ထားကြောင်း သိရပါတယ်။
သတင်း - မေသွယ်