မြိုတိုင်းရင်းသူ အမျိုးသမီး ၁ ဦး အသတ်ခံရ၊ ၁ ဦး အသက်ရှင်လျက် ပြန်တွေ့
DVB
·
April 5, 2018
အကြမ်းဖက်သမားတွေရဲ့ လိုက်လံသတ်ဖြတ်ခံခဲ့ရတာကြောင့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ မြိုတိုင်းရင်းသူ အမျိုးသမီးတဦး သေဆုံးပြီး ပျောက်ဆုံးနေတဲ့ မြိုအမျိုးသမီးတဦးကိုတော့ အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။
ဧပြီ ၄ ရက် မနက် ၁၁ နာရီလောက်က ဘော်တလာကျေးရွာဘက်ကို ဟင်းစားရှာဖို့ ထွက်လာခဲ့တဲ့ ခမောင်းဆိပ်ကျေးရွာနေ မြိုတိုင်းရင်းသားအမျိုးသား ၃ ဦး၊ အမျိုးသမီး ၅ ဦး ပေါင်း ၈ ဦးတို့ဟာ ရွှေဇံချောင်းအနီးမှာ ဓားရှည်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ အကြမ်းဖက်သမားတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
အကြမ်းဖက်သမားတွေက ဓားတွေနဲ့ လိုက်ခုတ်လို့ မြိုတိုင်းရင်းသား ၈ ဦးဟာ ကစဥ့်ကလျား ထွက်ပြေးခဲ့ကြရပြီး ၆ ဦးသာ ခမောင်းဆိပ်ကျေးရွာကို ပြန်လည်ရောက်ရှိလာကာ ဒေါ်ဆောင်ရွေးနဲ့ ဒေါ်မွေးရွေးတို့ နှစ်ဦးကတော့ ပြန်ရောက်မလာလို့ နယ်မြေစခန်းရဲမှူးနဲ့ တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာသားအချို့နဲ့အတူ လိုက်လံရှာဖွေရာ ဘော်ဒလာကျေးရွာအနီးမှာ ဒေါ်ဆောင်ရွေးကို ဦးခေါင်းခွံ ပြတ်ရှပေါက်ပြဲ ဒဏ်ရာတွေနဲ့ လဲကျ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။
ပျောက်ဆုံးနေတဲ့ ဒေါ်မွေရွေးကိုတော့ မင်္ဂလာညွန့်ကျေးရွာမှာ မနေ့ညနေ ၅ နာရီလောက်က ပြန်တွေ့ပြီဖြစ်တယ်လို့ အနီးနားက သစ်တုံးနားခွဆုံကျေးရွာ အုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားပါတယ်။
"ဟုတ်ပါတယ်၊ ပျောက်ဆုံးနေသူကို ပြန်တွေ့ပါပြီ။ မင်္ဂလာညွန့်ကျေးရွာမှာပါ၊ သေဆုံးသူကိုတော့ အခု မောင်တောမြို့ ဆေးရုံကို သယ်ဆောင်ဖို့ လုပ်နေပါတယ်။ အကြမ်းဖက်သမားတွေကိုတော့ နယ်မြေစခန်းက သက်ဆိုင်ရာတို့ လိုက်လံရှာဖွေနေပါတယ်”လို့ ပြောပါတယ်။
သေဆုံးသူမှာ ဒေါ်ဆောင်ရွေး (၄၀-နှစ်)ဟာ လေးမြို့ကေဒီကျေးရွာသူ ဖြစ်ပြီး မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာမှာ ခေတ္တလာရောက် နေထိုင်သူ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး လူသတ်မှုနဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတဲ့အကြောင်းနဲ့ အကြမ်းဖက်သမားတွေကို ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ ရှာဖွေနေတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီကလည်း ထုတ်ပြန်ထားပါတယ်။
သတင်း - သက်နိုင်ဦး