ရှမ်းပြည်နယ်ထွက် စတော်ဘယ်ရီသီးများ ဈေးကျသဖြင့် တောင်သူများ အခက်ကြုံ
DVB
·
March 25, 2018
ရှမ်းပြည်နယ်တောင်ပိုင်းမှာထွက်ရှိတဲ့ စတော်ဘယ်ရီသီးဟာ ဈေးအလွန်ကျနေတဲ့အတွက် စတော်ဘယ်ရီစိုက်တောင်သူတွေက အခက်အခဲမျိုးစုံ ကြုံတွေ့နေရပါတယ်။
အရင်နှစ်က တချင်းကို ၂၅၀၀ ကျပ် ရရှိပေမယ့်လည်း အခုနှစ်မှာ ၁၅၀၀ ကျပ်သာရရှိပြီး ဝယ်ယူသူလည်း မရှိကြောင်း သိရပါတယ်။
စတော်ဘယ်ရီ သီးဟာ ဆောင်းတွင်း စပေါ်ချိန်မှာ ဈေးအသင့်အသင့်ရရှိပြီး နွေရာသီ နေပူတဲ့အတွက် အသီးပိုသီးပေမယ့် ဈေးကွက်မရှိတဲ့အတွက် ဈေးကျဆင်းနေတာလို့ စတော်ဘယ်ရီစိုက် တောင်သူ မအေးကြည့်က ပြောပါတယ်။
ရှမ်းပြည်နယ် တောင်ကြီး မြို့နယ်တဝိုက်မှာ စတော်ဘယ်ရီ အများဆုံးထွက်ရှိပြီး တောင်ကြီး မြို့ပေါ်ဈေးတွေမှာသာ လာရောက်ရောင်းချရပြီး အခြောက်ခံစက်ရုံ၊ ကုန်ချောစက်ရုံတွေ မရှိတဲ့အတွက် ဈေးကွက်မရှိတာပါ။
တောင်သူတွေ အနေနဲ့ ပင်ပင်ပန်းပန်းစိုက်ပျိုးခဲ့ရပြီး ဈေးကျတဲ့အတွက် အရင်းပါဆုံးရှုံးနေပြီး စားဝတ်နေရေးအခက်အခဲ ကြုံနေရပါတယ်လို့ တောင်သူ ဒေါ်နန်းထွန်းခဲက ပြောပါတယ်။
စတော်ဘယ်ရီ ဈေးကျပြီး ရောင်းမကောင်းတဲ့အတွက် တောင်သူတွေက ရပ်ကွက်မှာ ထမ်းပြီးလိုက်လံရောင်းချကြရပြီး၊ အသီးကိုလည်း ငါးရက်တကြိမ်ထွက်ရှိတာဖြစ်ပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်းမှာ စိုက်ပျိုးတဲ့ စတော်ဘယ်ရီသီးဟာ ထိုင်ဝမ်မျိုး၊ ပြင်ဦးလွင်မျိုးနဲ့ဒေသမျိုးဆိုပြီး စိုက်ပျိုးကာ တောသလင်း၊ သီတင်းကျွတ် စတင်စိုက်ပျိုးကာ တပေါင်းလမှာ စတင်ထွက်ရှိပြီဖြစ်ပါတယ်။
စတော်ဘယ်ရီကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နဲ့ ဟိုပုံးမြို့နယ်မှာ အများဆုံး စိုက်ပျိုးကြတာဖြစ်ပြီး ကျေးရွာအလိုက် တောင်သူတွေ တပိုင်တနိုင် စိုက်ပျိုးကြတာပါ။
ခွန်ရာဇာ