ဆီဆိုင်မြို့နယ်ရှိ ကလေးငယ်များကို ပရဟိတအဖွဲ့က ခေါ်ဆောင်မှု အာဏာပိုင်များ စစ်ဆေး
DVB
·
May 21, 2019
ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်ထဲက ကျေးရွာတွေကနေ ကလေးငယ် အယောက် ၆၀ ကို သက်သေအထောက်အထား မပါဘဲ ပရဟိတကျောင်းကို ခေါ်ဆောင်သွားတာနဲ့ ပတ်သက်လို့ ဒေသခံတွေက စိုးရိမ်တဲ့အတွက် အာဏာပိုင်တွေ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီးရှိ ပန်းခြံကုန်း လူငယ်ပရဟိတကျောင်းက ဆရာတော်တပါးနဲ့ စေတနာ အလင်းရောင် ပရဟိတအဖွဲ့က ကလေးငယ်တွေကို မေလ ၂၀ ရက်က လာရောက်ခေါ်ယူခဲ့တာပါ။
ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်က “ပရဟိတအဖွဲ့ကို သက်သေအထောက်အထားတွေ မေးတာ မပြနိုင်ဘူး၊ ဆရာတော်လည်း သာသနာရေးသက်သေ မပြနိုင်ဘူး။ အဲဒါနဲ့ ဝန်ခံကတိထိုးခိုင်းတာ မထိုးချင်သေးဘူး၊ မထိုးရင် ကလေးခေါ်ခွင့် မပြုဘူးပြောမှ စေတနာအလင်းရောင် ပရဟိတအဖွဲ့က မငြိမ်းဝင့်သူက ဝန်ခံကတိလက်မှတ်ထိုးတာ” လို့ ပြောပါတယ်။
အဲဒီလို လာရောက်ခေါ်ယူတာကို ကလေးမိဘတွေကလည်း သဘောတူပေမယ့် ပရဟိတဆိုပြီး ကလေးတွေကို အလွဲသုံးစား ပြုလုပ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဦးက “သူတို့ခေါ်မယ်ဆိုလည်း ကျနော်တို့ကို အသိမပေးဘူး၊ ပရဟိတဆိုပြီး လိမ်သွားတာတွေ တပုံကြီး၊ ဥပဒေနဲ့လည်းမညီဘူး၊ ဘုန်းကြီးဆို သာသနာရေး အထောက်အထား လိုတယ်” လို့ ပြောပါတယ်။
အခုခေါ်ယူတဲ့ ကလေးတွေထဲမှာ အသက် ၂ နှစ်၊ ၃ နှစ်အရွယ်ကလေး အပါအဝင် ဆီဆိုင်မြို့နယ်ရှိ ကောင်ဝိန်းကြီးရွာက ၃၉ ဦး၊ တောင်းတပ်ရွာက ၁၂ ဦး၊ လွယ်ခရယ်ရွာက ၆ ဦး၊ ဆိုက်ခေါင်ရွာက ၁ ဦး၊ မဲဘောင်ရွာက ၁ ဦး၊ ပင်ငို(၁) ပေါင်းရွာက ၆၀ ဦးတို့ကို ဒို့ညီနောင် Express ကားနဲ့ လာရောက်ခေါ်ဆောင်တာပါ။
ပန်းခြံကုန်း လူငယ်ပရဟိတကျောင်းဟာ ပဲခူး ရွှေမုဌောဘုရား အရှေ့ဘက်မှာရှိပြီး ကျောင်းသား ၂၀၀ လောက်ကို ထိန်းသိမ်းစောင့်ရှောက်ထားတာလို့ ပဲခူးဒေသခံတဦးက ပြောပါတယ်။
“အရင်နှစ် ကျောင်းသားဟောင်းတွေ မိဘထံပြန်သွားတော့ ဘုန်းကြီးက ပြန်သွားခေါ်တာပါ၊ အသစ် လေးငါးယောက်ပဲ ပါမယ်။ စေတနာအလင်းရောင် ပရဟိတက အဲဒီကျောင်းမှာ ဆေးကုပေးနေတာ သူတို့ အဲလိုရှင်းပြဖို့ လိုတယ်” လို့ ပြောပါတယ်။
ဆီဆိုင်မြို့နယ်မှာ နှစ်စဉ် ကျောင်းဖွင့်ချိန်မှာ ကလေးတွေကို လာရောက်ခေါ်ယူသူတွေ ရှိပြီး တချို့တွေက ကလေးတွေကို ခိုင်းစားကြတာရှိသလို အလှူခံခိုင်းတာတွေလည်း ရှိလို့ ဒုက္ခရောက်သွားတဲ့ ကလေးတွေလည်း အများအပြားရှိတယ်လို့ အမည်မဖော်လိုတဲ့ ဆီဆိုင်ဒေသခံတဦးက ပြောပါတယ်။
သတင်း - ခွန်ရာဇာ