သက်ငယ်မုဒိမ်းပြုကျင့်သူကို သေဒဏ်ပေးရေး မန္တလေးတွင် ကမ်ပိန်းပြုလုပ်
Aung Aung Naing
·
March 18, 2018
မန္တလေးတိုင်း အောင်မြေသာစံမြို့နယ် အကွက် (၁၁၃) ရုံးသာရပ်မှာ မတ်လ ၁၈ ရက်က ပရဟိတအဖွဲ့တွေနဲ့ လူမူရေးအဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေပူးပေါင်းပြီး သက်ငယ်မုဒိမ်းပြုကျင့်သူကို သေဒဏ်အပြစ်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။
သက်ငယ်မုဒိမ်းမှုတွေ လျော့နည်းပပျောက်ရေးနဲ့ သက်ငယ်မုဒိမ်းပြုကျင့်သူကို သေဒဏ်အပြစ်ပေးရေးအတွက် သရုပ်ပြကမ်ပိန်းတွေနဲ့အတူ လက်ကမ်းစာစောင်တွေကိုလည်း ဝေငှခဲ့ကြပါတယ်။
မိဘတွေအနေနဲ့ ကလေးတွေကို ဂရုစိုက်ထိမ်းသိမ်းကြဖို့နဲ့ မုဒိမ်းကျင့်ဖို့ ကြံစည် အားထုတ်နေသူတွေ အသိတရားရဖို့ ရည်ရွယ်ပြီး ဒီကမ်ပိန်းကို ဦးဆောင်လုပ်ရတာလို့ ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ ဂရပ်ဖစ်တီရေးဆွဲသူ ကိုသန့်ဇင်ဝင်းကပြောပါတယ်။
“ကျနော်အနေနဲ့ အခုလိုဦးဆောင်လုပ်ရတာက မကြာခဏ ကြားနေရတဲ့ သက်ငယ်မုဒိမ်း ကိစ္စတွေ များလာတာနဲ့ နိုင်ငံသားတယောက်အနေနဲ့ တတ်နိုင်သလောက် လျော့ကျစေချင်တယ်။ သက်ငယ်မုဒိမ်းပြုကျင့်တဲ့သူတွေကို သေဒဏ်ချမှတ်ပေးသင့်တယ်ထင်လို့ အသိပညာပေးရင်း ဂရပ်ဖစ်တီဆွဲရင်း၊ လက်ကမ်းစာစောင်တွေဖြန့်ဝေပေးပြီး ကလေးမိဘတွေကို ဂရုစိုက်ထိမ်းသိမ်းပေးဖို့၊ မုဒိမ်းကျင့်ဖို့ ကြံစည်အားထုတ်နေသူတွေကိုလဲ အချိန်မီ အသိတရားဝင်လာစေဖို့ ရည်ရွယ်ပြီး ဒီကမ်ပိန်းကို ဦးဆောင်လုပ်ရတာ”
ကလေးမိခင်တဦးဖြစ်တဲ့ ဒေါ်မြသက်က “မိန်းကလေးတွေ မွေးထားတဲ့ မိခင်တွေအနေနဲ့ အရင်ကထက် မိန်းကလေးငယ်တွေကို ပိုပြီးဂရုစိုက်စေချင်တယ်။ မုဒိမ်းကောင်တွေက ကလေးငယ်တွေကို အဓိကပြစ်မှတ်ထားနေကြတာ။ ဒီလိုကလေးငယ်တွေကို ပြုကျင့်နေတဲ့ မုဒိမ်းကောင်တွေကို သေဒဏ်သာ ချမှတ်ပေးဖို့ ကျမက တောင်းဆိုချင်တာ”လို့ ပြောပါတယ်။