ဘထ္ထရီရှော့နှင့်အဆိပ်ချငါးဖမ်းမှုများ အရေးယူရေးအဆို လွှတ်တော်အတည်ပြု
ကျော်ဇေယျာဝင်း
·
March 17, 2018
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြစ်ချောင်း၊ အင်းအိုင်တွေမှာ ဘတ္ထရီရှော့တိုက်၊ အဆိပ်ချငါးဖမ်းတာနဲ့ ပတ်သက်ပြီး ဥပဒေနဲ့ အညီအရေးယူဖို့အဆို ရန်ကုန်တိုင်းလွှတ်တော်က အတည်ပြုလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမဲဆန္ဒနယ် အမှတ် ၂ ကလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းအောင် တင်သွင်းတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြစ်ချောင်း၊ အင်းအိုင်အတွင်းမှာ Battery ရှော့တိုက်ပြီးတော့ ငါးဖမ်းတာ၊ အဆိပ်ချပြီး ငါးဖမ်းတာတွေကို ဥပဒေနဲ့ အညီအရေးယူဖို့ တိုက်တွန်းတဲ့အဆိုကို မတ် ၁၂ ရက်နေ့ကပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့တာပါ။
အဲဒီအဆိုကို မတ် ၁၆ ရက်နေ့မှာပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရဲ့ ဆဌမပုံမှန်အစည်းအဝေး ၁၄ ရက်နေ့မှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၉ ဦးက ဆွေးနွေးခဲ့ပါတယ်။ အဆိုကို ၈ ဦးက ထောက်ခံဆွေးနွေးပြီး ၁ ဦးပဲ ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။
အခုတင်သွင်းတဲ့ အဆိုဟာ ပြဋ္ဌာန်းပြီးဖြစ်တဲ့အတွက် မှတ်တမ်းအဖြစ်သာ ထားရှိဖို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီးက လွှတ်တော်ကိုတင်ပြခဲ့ပါတယ်။
အဆိုရှင် ကော့မှူးမဲဆန္ဒနယ် အမှတ်(၂) က ဦးဇော်မင်းအောင်က ပြဋ္ဌာန်းပြီးသားဥပဒေကို လေးစားလိုက်နာဖို့ လိုအပ်တာကြောင့် အဆိုကို လွှတ်တော်ရဲ့အဆုံးအဖြတ်ရယူပြီး အတည်ပြုဖို့ တင်ပြခဲ့ပါတယ်။
မဲခွဲဆုံးဖြတ်ရာမှာတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၁၆ ဦးရှိရာမှာ ထောက်ခံမဲပေးသူ ၆၅ မဲ ကန့်ကွက်မဲ ၃၃ နဲ့ ကြားနေမဲ ၅ ဖြစ်တဲ့အတွက် ထောက်ခံမဲများတာကြောင့် အဆိုကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်။