ဘားအံမြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာ သင်တန်းဖွင့်လှစ်
DVB
·
March 15, 2018
ဘားအံမြို့နယ် ထုံးအိုင် ကျေးရွာမှာ မတ် ၁၄ ရက်နေ့က တောင်သူလယ်သမားတွေအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ကိရိယာ မောင်းနှင်းထိန်းသိမ်းမှု(အခြေခံ) သင်တန်း ဖွင့်လှစ်ခဲ့ပါတယ်။
စက်မှုလယ်ယာမြေ ဖော်ထုတ်ရာမှာ လယ်ယာသုံးစက် ကိရိယာအမျိုးမျိုးကို စနစ်တကျ သုံးစွဲတတ်ဖို့ လိုတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးစောမြင့်ဦးက ပြောပါတယ်။
“တောင်သူလယ်သမားတွေ လူမှုဘ၀ဖွံ့ဖြိုး တိုးတက်မှုရှိအောင် ကဏ္ဍပေါင်းစုံကနေ ကြိုးပမ်းဆောင်ရွက်နေရာ စက်မှုကဏ္ဍမှာ စနစ်တကျ စက်မှုလယ်ယာမြေတွေ ဖော်ထုတ်ဖို့ လယ်ယာသုံး စက်ကိရိယာအမျိုးမျိုး တောင်သူတွေ လက်ဝယ်ရောက်ရှိပြီး စနစ်တကျ သုံးစွဲတတ်အောင် သင်တန်းများ ဖွင့်လှစ်ပေးပြီး နည်းပညာတွေ ကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်။ တောင်သူတွေ လက်ဝယ်ရောက်ရှိပြီးဖြစ်တဲ့ လယ်ယာသုံးစက်ကရိယာတွေနဲ့ ထပ်မံဝယ်ယူအသုံးပြုမယ့် စက်ကိရိယာတွေကို အကျိုးရှိရှိ ထိရောက်အောင် အသုံးပြုတတ်ဖို့ လိုတယ်”လို့ ပြောပါတယ်။
သင်တန်းကို တောင်သူတွေ လက်ဝယ်ရောက်ရှိပြီးဖြစ်တဲ့ လယ်ယာသုံးစက်ကိရိယာတွေ ကို ပျက်စီးမှု အနည်းဆုံးနဲ့ စက်စွမ်းရည်ပြည့်ဝစွာ အသုံးပြုနိုင်ဖို့၊ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ဖို့၊ လယ်ယာသုံး စက်ကိရိယာ သုံးစွဲခြင်းဆိုင်ရာ အသိပညာတွေ တိုးတက်စေဖို့ ရည်ရွယ် ဖွင့်လှစ်တာလို့ တာဝန်ရှိသူက ပြောပါတယ်။
သင်တန်းကို ဘားအံမြို့နယ်၊ ထုံးအိုင်၊ နောင်ထလုံး၊ဖအွံကျေး ရွာအုပ်စုအတွင်းက တောင်သူလယ်သမား သင်တန်းသား ၃၀ ယောက် တက်ရောက်ပြီး သင်တန်းကာလ ၁၀ ရက်ကြာ ဖွင့်လှစ် သင်ကြားပေးသွားမှာပါ။
သတင်း - ရဲမင်းခေါင်