ကရင်ပြည်နယ်အနှံ့ ရေကြီး၊ ဘားအံမြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၇ ခုဖွင့်
နော်နိုရင်း
·
July 23, 2018
ကရင်ပြည်နယ်ထဲမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ရွှေဂွန်း၊ ကမမောင်း စတဲ့မြို့တွေမှာ ရေကြီးရေလျှံနေပြီး ရေဘေးသင့် ပြည်သူတွေ ယာယီကယ်ဆယ်ရေး စခန်းတွေမှာ ပြောင်းရွှေ့ခိုလှုံနေကြရပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေဆင်းတာနဲ့ သံလွင်မြစ်ရေတက်မှုကြောင့် ပြည်နယ်မြို့တော် ဘားအံမြို့မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၇ ခုဖွင့်လှစ်ထားပြီး စခန်းတခုကို လူပေါင်း ၁ဝဝဝ လောက် ခိုလှုံနေတယ်လို့ ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
“ ကျနော်တို့က မြို့ပေါ်မှာတော့ ရေဘေးရှောင်စခန်း ၇ ခု ဖွင့်ထားတယ်။ စာရင်းကတော့ ကျနော် အတိအကျ မသိသေးဘူး။ ”
မနေ့တုန်းက ရေတက်လို့ ဘားအံ့မြို့ အမှတ် ၁ ရပ်ကွက်မှာ လူ ၁ ဦး သေဆုံးခဲ့တယ်လို့ ရေဘေးကယ်ဆယ်ရေးစခန်းမှာ ရောက်ရှိနေတဲ့ ဦးလှကြိုင်က ပြောပါတယ်။
“ဒီမနက် အလောင်းပေါ်လာမှသိတာ။ အသက်က ၃ဝ ဝန်းလောက်ရှိမယ်။ သူ့မိသားစုဝင်တွေ ဒီမနက်မှ သိတာ။ မနက် ၅ နာရီလောက်မှသိတာ။ မီးသတ်အနောက်ဘက်မှာ။ ”
ဘားအံမြို့မှာ ရေကြီးမှုကြောင့် နေအိမ် ၂ဝဝ ကျော် နစ်မြုပ်မှုတွေ ဖြစ်ပွားနေသလို မနေ့တုန်းကလည်း ရွေဂွန်းနဲ့ မြိုင်ကြီးငူအကြား ကားလမ်း ရေကျော်မှုကြောင့် ဆက်သွယ်ရေး ခေတ္တပြတ်တောက်ခဲ့ရပါတယ်။
လှိုင်းဘွဲ့မြို့နယ်ဘက်မှာလည်း ပြီးခဲ့တပတ်ကလောက်ကတည်းက တောင်ကျရေကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး နေအိမ် တထောင်ဝန်းကျင်လောက် ရေနစ်မြုပ်နေပါတယ်။
ရေကြီးမှုကြောင့် လှိုင်းဘွဲ့မြို့မှာ ရပ်ကွက် ၄ ခုလုံးရေကြီးပြီး ရေဘေး ကယ်ဆယ်ရေးစခန်း ၇ ခုဖွင့်လင့်ထားရာ လူပေါင်း ၁၂၇၈ဦး ခိုလှုံနေကြတယ်လို့ ဒီကနေ့ အဲဒီကို သတင်းသွားယူနေတဲ့ ဒေသခံသတင်းထောက် ကိုရဲမင်းခေါင်က ပြောပါတယ်။
“ရေဘေးရှောင်တွေက မပြန်သေးဘူး။ ပြန်လို့လည်းမရသေးဘူး။ လက်ရှိအခြေနေမှာ ရေကသာ နည်းနည်းလေး တောင်ကျရေနည်းနည်းလျော့သွားပေမယ့် အိမ်တွေမြုပ်နေသေး တယ်လေ။ ”
ရေကြီးမှုကြောင့်လည်း အပျက်အစီးတွေများသလို မနေ့ကလည်း သစ်တောဝန်ထမ်းတဦး ရေကြီးချိန် ဖြတ်သန်းတဲ့အတွက် ဆိုင်ကယ်ရောလူပါ မျောပါ ပျောက်ဆုံးသွားတယ်လို့လည်း ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ သောင်ရင်းမြစ်ကမ်းနား အနိမ့်ပိုင်းမှာနေတဲ့ အမှတ် ၂ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်နဲ့ အမှတ် ၅ ရပ်ကွက်တွေက လူနေအိမ် ၁ဝဝ ကျော်လောက်ရေ နစ်မြုပ်နေပြီး လူဦးရေ ၇၀၀၀ လောက်ကို ကယ်ဆယ်ရေးစခန်းဖွင့်လှစ် ရွှေ့ပြောင်းထားခဲ့ ရပါတယ်။
ဒီကနေ့မနက်မှာတော့ မြဝတီမြို့က သောင်းရင်းမြစ်ရေ ပြန်လည်ကျဆင်းသွားပါတယ်။
Photo : Zaw Win