“ကယန်း” အမည်တမျိုးတည်းသာ အသိအမှတ်ပြုပေးရန် လိုလား
DVB
·
March 14, 2018
အစိုးရက လက်ရှိ ကယန်းမျိုးနွယ်စု လေးခုဖြစ်တဲ့ လထာ၊ ကဲဒေါ့၊ ကခေါင်းနဲ့ ကငန် မျိုးနွယ်စုတွေကို လူမျိုးတမျိုးစီအနေနဲ့ ဖော်ပြထားတာကြောင့် ကယန်းတိုင်းရင်းသားတွေက ‘ကယန်း’ ဆိုတဲ့ အမည်တခုတည်းကိုသာ အသိအမှတ်ပြုပေးဖို့ လိုလားနေတာ ဖြစ်ပါတယ်။
ကယန်းအမျိုးသား ညီညွတ်ရေး ဦးဆောင်ကော်မတီမှ ဥက္ကဋ္ဌ ခွန်းရှမူအေးလာက “ကျနော်တို့ ကယန်းမျိုးနွယ်စု လေးခုဖြစ်တဲ့ ကခေါင်း၊ ကငန်၊ လထာ၊ ကဲဒေါ့ဟာ ကျနော်တို့ အချင်းချင်း ခေါ်ဝေါ်သုံးစွဲတဲ့ နေရာမှာတော့ အဲဒီနာမည်ကို သုံးစွဲမှာ ဖြစ်ပေမယ့် တကယ့် နိုင်ငံတော်အစိုးရနဲ့ မှတ်ပုံတင်တဲ့နေရာမျိုးမှာ ကယန်းအနေနဲ့သာ ခေါ်ဝေါ်သုံးစွဲပေးဖို့ ကျနော်တို့ သဘောတူညီထားတာ ရှိပါတယ်” လို့ ခြောက်လပတ် အစည်းအဝေးမှာ ပြောပါတယ်။
လထာ၊ ကငန်၊ ကဲဒေါ့နဲ့ ကခေါင်း မျိုးနွယ်စုတွေကို ကယန်းအဖြစ် ကယန်းမျိုးနွယ်စု ခေါင်းဆောင်တွေကြား သဘောတူသတ်မှတ်ထားတာကြောင့် လူမျိုး လေးမျိုးအသွင်နဲ့ ကယားပြည်နယ်မှာ နေထိုင်တဲ့ လူမျိုးလေးမျိုးအဖြစ် ဖော်ပြထားတဲ့ အစိုးရ ပြန်တမ်းတွေနဲ့ ကွဲလွဲနေတာ ဖြစ်ပါတယ်။
ကယန်းအမျိုးသား ညီညွှတ်ရေးဦးဆောင်ကော်မတီက လက်ရှိ ကယန်းမျိုးနွယ်စု လေးခုကို ကယန်းအမည်နဲ့ ခေါ်ဝေါ်သုံးစွဲဖို့ အစိုးရကို တောင်းဆိုထားပေမယ့် အစိုးရဘက်က ပြန်ကြားပေးတာတွေ မရှိသေးဘူးလို့ ဆိုပါတယ်။
အစိုးရရဲ့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူစဉ်ကလည်း ကယန်းမျိုးနွယ်စု လေးခုကို လူမျိုးတမျိုးစီအနေနဲ့ သတ်မှတ် ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ အစိုးရက အခုလို သတ်မှတ်လုပ်ဆောင်ခဲ့တဲ့အတွက် နိုင်ငံရေးအရ တိုင်းရင်းသားအခွင့်အရေး ဆုံးရှုံးရတယ်လို့ ပြောပါတယ်။
ကယန်းမျိုးဆက်သစ်လူငယ် တွဲဖက်အတွင်းရေးမှူးတဦး ဖြစ်တဲ့ ခွန်းသောမတ်က “မျိုးနွယ်စုတခုကို လူမျိုးတခုအနေနဲ့ သတ်မှတ်တာဟာ နိုင်ငံရေးအရ တိုင်းရင်းသားအခွင့်အရေးနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေမှာ ဆုံးရှုံးတယ်။ ဥပဒေပါ အချက်အလက်တွေမှာ ဆိုရင်တော့ လူဦးရေ ခြောက်သောင်းလောက် ရှိရင်တော့ ဝန်ကြီးတပါး ရမယ်လို့ ပြောတဲ့နေရာမှာ ကယားပြည်နယ်မှာ မရလိုက်ဘူး" လို့ ဆိုပါတယ်။
ကယန်းတိုင်းရင်းသားတွေ အများဆုံး နေထိုင်တဲ့ ရှမ်းပြည်နယ်မှာ ကယန်းတိုင်းရင်းသား ရေးရာဝန်ကြီးတဦး ရရှိပေမယ့် ဒုတိယအများဆုံး နေထိုင်တဲ့ ကယားပြည်နယ်မှာ ကယန်းမျိုးနွယ်စုတွေကို လူမျိုးတမျိုးအဖြစ် သတ်မှတ်တာကြောင့် ကယန်းလူဦးရေ မပြည့်မီတော့ဘဲ ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီး မရရှိခဲ့တာ ဖြစ်ပါတယ်။
ကယန်းလူမျိုးရဲ့ အမြင့်ဆုံးအဖွဲ့အစည်းတခုဖြစ်တဲ့ ကယန်းတိုင်းရင်းသား ညီညွှတ်ရေး ဦးဆောင်ကော်မတီကို ဇန်နဝါရီလ ၃၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ကယန်းအမျိုးသားညီလာခံမှာ ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းမှာ ကယန်းပြည်သစ်ပါတီ၊ ကယန်းမျိုးသားပါတီ၊ ကယန်းစာပေနဲ့ ယဉ်ကျေးမှု ဗဟိုကော်မတီ၊ ကယန်းဘာသာရေးအသီးသီးက ခေါင်းဆောင်တွေ၊ ကယန်းလူမှုအသင်း အဖွဲ့တွေနဲ့ ဖွဲ့စည်းထားပြီး ကယန်းအမျိုးသား စည်းလုံးညီညွှတ်ရေး၊ ကယန်းဒေသကို ကယားပြည်နယ်မှာ ပြန်လည်ပေါင်းစည်းရေးနဲ့ ကယန်းကျေးရွာ ဆိုင်းဘုတ်တွေကို ကယန်း အမည်နဲ့ ရေးသားဖို့ ကိစ္စရပ်တွေကို အကောင်အထည်ဖော်နေကြတာ ဖြစ်ပါတယ်။
ကယန်းတိုင်းရင်းသားတွေဟာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ နေပြည်တော် ကောင်စီနယ်မြေတွေမှာ ပျံ့နှံ့နေထိုင်ကြပြီး လူဦးရေ ၃ သိန်းလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
သတင်း - ခွန်းတူးတူးလေး