မြင်းခြံ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများကို ထောက်ပံ့ငွေ ပေးအပ်
DVB
·
March 13, 2018
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေနဲ့ ထိခိုက်လွယ်သူတွေအတွက် ၁ လ၊ ကျပ် ၁၀၀၀၀ ထောက်ပံ့ကူညီနေတယ်လို့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ရုံးက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ (မြင်းခြံ) မှ စီမံကိန်းတာဝန်ခံ ဦးစောမင်းသန်းက "ကျနော်တို့အဖွဲ့ရဲ့ အဓိက ဦးစားပေးလုပ်ငန်းကတော့ သက်ကြီးရွယ်အိုတွေ မသန်စွမ်းသူတွေနဲ့ ထိခိုက်လွယ်တဲ့သူတွေရဲ့ ဘဝတွေကို ပြန်ပြီးအဆင်ပြေလာဖို့နဲ့ ပြန်လည် ထူထောင်လာနိုင်စေဖို့အတွက် အဓိက လုပ်ဆောင်ပေးနေတာပါ။ ခု မန္တလေးတိုင်းမှာ မြင်းခြံ၊ နွားထိုး၊ တောင်သာ၊ မလှိုင် စတဲ့ မြို့တွေ ပါဝင်ပါတယ်။ လက်ရှိအစိုးရက အသက် ၉၀ နှစ်အထက်တွေကို ထောက်ပံ့ပေးနေတာ ဖြစ်တဲ့အတွက် ကျနော်တို့အဖွဲ့က အသက် ၈၅ နှစ်မှ ၉၀ နှစ်အထိ ရှိသူတွေကို ထောက်ပံ့ပေးသွားမှာပါ။ မြင်းခြံတမြို့နယ်လုံးရှိ အသက် ၈၅ မှ ၉၀ အထိ ရှိတဲ့ သက်ကြီးတွေ မသန်စွမ်းသူတွေနဲ့ ထိခိုက်လွယ်တဲ့သူတွေကို ပထမဆုံးအကြိမ်အဖြစ် စတင်ထောက်ပံ့ပေးသွားမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ (Help Age International) အဖွဲ့ဟာ ပထမဆုံးအကြိမ်ဖြစ် မြင်းခြံမြို့နယ်ရှိ ကျေးရွာ ၃၀ကို ရွေးချယ်ပြီး ၂၀၁၆ ခုနှစ် မေလမှ စတင်ပြီး စီမံကိန်း လုပ်ငန်းများကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မြင်းခြံတမြို့နယ်လုံးရှိ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေနဲ့ ထိခိုက်လွယ်တဲ့သူတွေကို စာရင်းကောက်ယူပြီး တလကို ၁၀၀၀၀ ကျပ်နှုန်း ထောက်ပံ့ငွေ ပေးအပ်နေတာလည်း ဖြစ်ပါတယ်။
"နောက်ပြီး ကျနော်တို့လုပ်တဲ့ လုပ်ငန်းစဉ်တွေကို မြင်းခြံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ လူမှုဝန်ထမ်းဦးစီးဌာနတို့နဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြီးတော့ လုပ်ငန်းစဉ်အားလုံးကို အစိုးရအဖွဲ့တွေကို ပြန်ပြီးမျှဝေပေးသွားမှာ ဖြစ်တယ်”လို့ သူက ပြောဆိုပါတယ်။
မြင်းခြံမြို့နယ်မှာ မြင်းခြံမြို့ပေါ် ရပ်ကွက် ၂၀ ရှိပြီး ကျေးရွာအုပ်စု ၁၈၅ ရွာ ရှိကာ၊ HAI အဖွဲ့မှ ပထမဆုံးအကြိမ်အဖြစ် ထောက်ပံ့ငွေ ၃၄၁ ဦးကို ပေးအပ်ခဲ့တာဖြစ်ပြီး၊ ဒုတိယ ၃ လပတ်မှာတော့ လူဦးရေ ၁၅၀၀ လောက်ကို ထောက်ပံ့ငွေ ပေးသွားနိုင်ဖို့ ရှိတယ်လို့ သိရပါတယ်။
လက်ရှိ အန်အယ်လ်ဒီအစိုးရက ၂၀၁၇ ခုနှစ်ကစပြီး အသက် ၉၀ ပြည့် သက်ကြီးပင်စင်ကို စတင်ပေးအပ်ခဲ့ကာ မြင်းခြံမြို့နယ်မှာတော့ အသက် ၉၀ နှစ် ပြည့်အထက် ၃၄၄ ဦးကို မြင်းခြံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက တလ ၁၀၀၀၀ ကျပ်နှုန်းနဲ့ စတုတ္ထ ၃ လပတ်အထိ ပေးအပ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။
သတင်း - ရီရီထွန်း(မြင်းခြံ)