နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှု ထိရောက်မှုရှိနိုင်မလား - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
March 6, 2018
ဦးတိုးဇော်လတ် (ဒီဗွီဘီ)
“အခုလောလောဆယ် ဖြစ်နေတဲ့ မြန်မာပြည်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေပေါ့။ အရင်တုန်းက စစ်အစိုးရလက်ထက်ကလည်း ရှိဖူးတယ်။ အခုကတော့ နိုင်ငံတကာမှာ အသစ်ပြန်လည် အရေးယူ လှုပ်ဆောင်မှုတွေ တိုးလာတယ်။ အဲဒါတွေက တကယ်ရော အလုပ်ဖြစ်ရဲ့လား။ ဒီဟာတွေရဲ့ သက်ရောက်မှု ဘာတွေရှိလဲ၊ ဆရာ စပြီး ဆွေးနွေးသုံးသပ်ပေးပါဦး။”
ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေး လေ့လာသုံးသပ်သူ)
“လက်ရှိအခြေအနေမှာ မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်အပေါ်မှာ ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဖို့အတွက် အနောက်နိုင်ငံတွေက ပြင်ဆင်လာတဲ့ ခြေလှမ်းတွေတော့ တွေ့နေရတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်တာကလည်း တပိုင်းပေါ့လေ။ နောက်တပိုင်းက မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေနဲ့ အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံတွေအနေနဲ့ ဒီ့ထက်ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ အစိုးရ၊ တပ်မတော်၊ လွှတ်တော်အနေနဲ့လည်းပဲ ဒီလို မြင့်တက်လာနေတဲ့ ဒဏ်ခတ်ပိတ်ဆို့မယ့် အလားအလာတွေ၊ အရေးယူမယ့် အလားအလာတွေကို အလေးအနက်ထားပြီးတော့ ဆန်းစစ်သုံးသပ်နိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ့်အစိုးရ၊ ကိုယ့်လွှတ်တော်၊ ကိုယ့်တပ်မတော်ရဲ့ အားနည်းချက်တွေ၊ လိုအပ်ချက်တွေ၊ ပြုပြင်ရမယ့် အချက်တွေကို သိသာ မြင်သာဖြစ်အောင် ထိုးဖောက်ဆန်းစစ်သုံးသပ်နိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ကျနော်တို့က အမြဲတမ်း မှန်တယ်ဆိုတဲ့ဘက်ကနေ ခုခံကာကွယ်နေလို့ လက်ရှိ နိုင်ငံတကာ ဆက်ဆံရေး အခင်းအကျင်းမှာ အလုပ်မဖြစ်နိုင်ဘူးလို့ မြင်ပါတယ်။”
ဦးတိုးဇော်လတ် (ဒီဗွီဘီ)
“ဆရာရန်မျိုးသိမ်းကတော့ Engage လုပ်တဲ့အခါမှာ Civil Society တော့ ပိုကျယ်ပြန့်တာကို Engage လုပ်ဖို့ရယ်၊ နောက်တခုက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေ၊ တပ်မတော်၊ အစိုးရ၊ လွှတ်တော်လို့ ပြောသွားပါတယ်။ အခုလို နိုင်ငံတကာက ပြောလာတာတွေကို နိုင်ငံတကာ ဆက်ဆံရေးက သေချာနားထောင်ပြီးတော့ ပြန်ပြီး ဘာလုပ်သင့်လဲဆိုတာ ဆွေးနွေးသွားပါတယ်။ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးက ကထိကတယောက်အနေနဲ့ ဆရာ့ကိုလည်း မေးပါရစေ။ အနောက်အုပ်စု နိုင်ငံတော်တော်များများ အီးယူ၊ ယူကေ၊ ယူအက်စ်၊ ကနေဒါကနေပြီး ပိုပြီးတော့ ဒဏ်ခတ်ပိတ်ဆို့မှုဘက်ကို ဦးတည်တဲ့ လှုပ်ရှားမှုတွေ လုပ်လာတယ်။ အရင်တုန်းကလည်း ရှိခဲ့ဖူးပါတယ်။ ဒါတွေက တကယ်အလုပ်ဖြစ်ရဲ့လား။ ဘာတွေ သက်ရောက်မှုရှိနိုင်လဲ။ နိုင်ငံတကာဆက်ဆံရေးအနေနဲ့ ဖြစ်လာနိုင်ခြေတွေကို ဖြည့်စွက် ဆွေးနွေးပေးပါဦး။”
ဒေါက်တာသန်းလွင်ဦး (ကထိက၊ IR ဌာန၊ ရန်ကုန်တက္ကသိုလ်)
“Sanction ကတော့ Political Tools တခုပေါ့။ နိုင်ငံရေး လက်နက်တခုအနေနဲ့ တောက်လျှောက်သုံးခဲ့တာ။ ကျနော်တို့နိုင်ငံလည်း Sanction ပိတ်ဆို့မှုနဲ့ သိပ်စိမ်းတာတော့ မဟုတ်ဘူး။ ၈၈ နောက်ပိုင်းမှာ နည်းမျိုးစုံနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြစ်လာခဲ့တယ်။ Sanction ပိတ်ဆို့မှုဟာ တိုင်းပြည်ရဲ့ အရွေ့ပေါ်မှာ သက်ရောက်မှုကို ပြန်တိုင်းတာကြည့်ရမှာပေါ့။ တကယ်ရော သက်ရောက်မှုရှိလား၊ မရှိလား ဆိုတဲ့နေရာမှာ ၁၉၈၈ မှာ ဒီမိုကရေစီအရေးတော်ပုံ ဖြစ်တယ်။ စပြောင်းတာ ၂၀၁၀ ကျမှ ဒီမိုကရေစီလို့ ခေါ်လို့ရတဲ့ အစိုးရတရပ် ပေါ်လာတယ်။ ကြားထဲမှာ ပြန်ကြည့်ရင် နှစ်ပေါင်း ၂၀ ကျော် ဒဏ်ခတ်ပိတ်ဆို့မှုကို တောင့်ခံခဲ့တာ။ ဒါပေမယ့် ဒီပြောင်းလဲမှုဟာ Sanction ကြောင့် ဖြစ်လာတာလား။ ဒါမှမဟုတ် တွန်းအားတွေကြောင့် ဖြစ်လာတာလားဆိုတာ ဆန်းစစ်ဖို့ လိုတယ်။ ကျနော့် personal view အနေနဲ့ ပြောရင် လက်ရှိ ရွှေ့ပြောင်းလာတဲ့ အရွေ့သည် Sanction အပြည့်အဝ မဟုတ်ပေမယ့် တစိတ်တပိုင်းတော့ ပါတယ်။ တခြားနိုင်ငံ အခင်းအကျင်းတွေက တွန်းအားပေးတာလည်း ပါတာပေါ့။ တစိတ်တပိုင်း ပါတယ်ဆိုပေမယ့် အရင်တုန်းက နည်းမျိုးစုံနဲ့ တောင့်ခံခဲ့တယ်။ အဲဒီအပိုင်းမှာလည်း အောင်မြင်တယ်၊ မအောင်မြင်ဘူးဆိုတဲ့ အပိုင်းမှာ ပြန်တိုင်းရင် သက်ဆိုင်ရာ Targeted Country ရဲ့ အခြေအနေနဲ့လည်း ပြန်သက်ဆိုင်တယ်။ ဥပမာ Targeted Country က Self Sufficient ဘယ်လောက်ဖြစ်လဲ။ ကျနော်တို့တိုင်းပြည်မှာ ရာသီဥတုနဲ့ ရင်းမြစ်တွေက ပြန်ကြည့်ရင် ကျနော်တို့ကို စီးပွားရေးပိတ်ဆို့လို့၊ အရင်တုန်းက ဆီဦးထောပတ်နဲ့ စားရပြီ၊ အခု ငါးပိရည်နဲ့ စားရင် စားရမယ်။ အခြေအနေက အဲဒီလို ရှိနေတဲ့အတွက်ကြောင့်မို့ တော်ရုံတန်ရုံ ဒဏ်ခတ်ပိတ်ဆို့မှုကို ကျနော်တို့ တောင့်ခံနိုင်တယ်။ ကျနော်တို့နိုင်ငံက စင်ကာပူလို၊ ဂျပန်လို နိုင်ငံမျိုးတွေ ဖြစ်လာမယ်။ Trade ပေါ်မှာ အကုန်လုံး ဦးစားပေး ဆောင်ရွက်မယ့်နိုင်ငံမျိုး၊ နိုင်ငံတကာနဲ့ ထိတွေ့ဆောင်ရွက်မှုပေါ်မှာ ကိုယ့်ရဲ့ စားဝတ်နေရေးက တောက်လျှောက်မှီခိုနေရတယ်ဆိုရင်တော့ သေချာတယ်။ အဲဒီ Sanction က ထိရောက်မှု ရှိပါတယ်။ ဒီအနေအထားအတိုင်းကတော့ သက်ရောက်မှုက ရှိတော့ ရှိမယ်၊ ထူးခြားတဲ့ Outcome အနေနဲ့ ထွက်လာမှာ မဟုတ်ပါဘူး။”
အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ မကြာခင်ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံကို ရခိုင်အရေးနဲ့ပတ်သက်ပြီး တပ်မတော် တာဝန်ရှိသူတချို့ကို အရေးယူဖို့ ပြင်ဆင်နေတာနဲ့ လက်နက်ရောင်းချမှု ပိတ်ဆို့မှု အရေးယူမှုအသစ်တွေ ပြင်ဆင်လာပါတယ်။ အင်္ဂလန်မှာရှိတဲ့ အမတ်တချို့ကလည်း ရခိုင်အရေးနဲ့ပတ်သက်လို့ တာဝန်ရှိသူတချို့ကို နိုင်ငံတကာခုံရုံး အိုင်စီစီမှာ တရားစွဲဖို့ ပြင်လာတဲ့ ခြေလှမ်းတွေ ရှိပါတယ်။ အဲဒီမတိုင်ခင်က ဗိုလ်ချုပ်မောင်မောင်စိုးကို အမေရိကန်နဲ့ ကနေဒါက အရေးယူမှုတွေ လုပ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာပြည်အပေါ်မှာ ဒဏ်ခတ်အရေးယူမှုတွေ တကယ် အလုပ်ဖြစ်နိုင်၊ မဖြစ်နိုင် ဆွေးနွေးသွားမှာဖြစ်ပြီး ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းနဲ့ ရန်ကုန်တက္ကသိုလ် IR ဌာနမှ ကထိက ဒေါက်တာသန်းလှိုင်ဦးတို့ ဖြစ်ပါတယ်။