Home
မြန်မာသတင်း
ဆန္ဒပြ ပရီမီယာကော်ဖီစက်ရုံ အလုပ်သမားများ လုပ်ငန်းခွင်ပြန်ဝင်
အာကာ
·
March 6, 2018
Get Demand of Premiere coffee Workers
အလုပ်သမား ရပိုင်ခွင့်တွေအတွက် စုပေါင်းတောင်းဆိုနေတဲ့ ပရီမီယာကော်ဖီစက်ရုံက အလုပ်သမား ၆၀၀ လောက်ဟာ တောင်းဆိုချက်အားလုံးနီးပါး ညှိနှိုင်းပြေလည်သွားတာကြောင့် ဒီနေ့ကစပြီး လုပ်ငန်းခွင်ထဲ ပြန်လည်ဝင်ရောက်သွားပြီဖြစ်ပါတယ်။ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်-၃ ပရီမီယာ ကော်ဖီစက်ရုံက အလုပ်သမားတွေဟာ ဖေဖော်ဝါရီ ၁၃ရက်က စပြီး တောင်းဆိုချက် ၁၄ ချက်နဲ့ စက်ရုံရှေ့မှာ ဆန္ဒဖော်ထုတ်ပြီး မတ်လ ၅ ရက် ညနေပိုင်းက မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးမှာ ၈ ကြိမ်မြောက် တွေ့ဆုံညှိနှိုင်းပြီး ပြေလည်ခဲ့တာပါ။ ပရီမီယာအလုပ်သမားသမဂ္ဂ အတွင်းရေးမှူး ဒေါ်ခင်မမက “တောင်းဆိုချက်အားလုံးနီးပါး ပြေလည်တယ်လို့ ပြောလို့ရပါတယ်။ အဓိကအချက်တခုဖြစ်တဲ့ အလုပ်သမားအသစ်နဲ့ အဟောင်းကို ခွဲခြားဆက်ဆံတာ မပြုဖို့ဆိုတဲ့ အချက်ကိုလည်း နှစ်ဖက် နည်းနည်းစီ လျှော့ချပြီး သဘောတူလိုက်ပါတယ်။ မူလက လုပ်သက်ရင့်ဝန်ထမ်းတွေ ရနေတဲ့ ခံစားခွင့်ကို လုပ်သက်နုတွေကို ဒီလက စပေးဖို့ တောင်းဆိုထားပေမယ့် စက်ရုံဘက်က မေလကစပြီး ပေးမယ်ဆိုတာကို သဘောတူလိုက်ပါတယ်။ ကျန်တဲ့ တောင်းဆိုချက်အားလုံးလည်း ရပါတယ်။ ဆန္ဒပြအလုပ်သမား ဘယ်သူ့ကိုမှ အလုပ်ထုတ်တာမျိုး မလုပ်ဖို့ကိုလည်း သဘောတူညီမှု ရထားပါတယ်”လို့ ပြောပါတယ်။ ဒီစက်ရုံမှာ အလုပ်သမား ၉၀၀ လောက်ရှိပြီး ဆန္ဒပြအလုပ်သမားတွေအနေနဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း လှိုင်သာယာမြို့နယ်ထဲမှာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013