တမူးမြို့ နန်းဖာလုံဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး အစမ်းလေ့ကျင့်
DVB
·
March 2, 2018
အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ရှိ မီးဘေးသင့်ခဲ့တဲ့ နန်းဖာလုံ နယ်စပ်ဈေးကြီးမှာ မတ်လ ၁ ရက်က မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အစမ်းလေ့ကျင့်မှုကို ယာယီဈေးကော်မတီကဦးစီး ပြုလုပ်ခဲ့ပါတယ်။
ယာယီကော်မတီအနေနဲ့ မီးဘေးကြုံလာရင် အသုံးပြုနိုင်ဖို့ ကြိုတင် လေ့ကျင့်ထားတာ ဖြစ်တယ်လို့လည်း နန်းဖာလုံ ဈေးယာယီ ဥက္ကဋ္ဌ ဦးစိုးမြင့်က ပြောပါတယ်။
အဲဒီအစမ်းလေ့ကျင့်မှုမှာ တမူးခရိုင် မီးသတ်တပ်ဖွဲ့ မြို့နယ်စည်ပင်သာယာရေး ကော်မတီ နန်းဖာလုံဈေး ယာယီကော်မတီနဲ့ ဝန်ထမ်းတွေ ပါဝင်ခဲ့ပါတယ်။
ယာယီဈေးကော်မတီက တာဝန်ရှိသူက “အရေးပေါ်မီးကာကွယ်ဖို့ ရေကန်ကြီး ၃ ကန်မှာ ရေဂါလံ ၃ သောင်းနီးပါး ရှိမယ် ထင်ပါတယ်။ အစမ်းလေ့ကျင့်မှပဲ လိုအပ်ချက်တွေ ရှိနေတာ ကိုယ်တိုင် သိခွင့်ရခဲ့ပါတယ်။ ရေပိုက် ရေထွက်ခေါင်း အရေးပေါ် အသုံးပြုဖို့၊ စက်တွေ ပြုပြင်ဖို့၊ အသစ်ဝယ်ထည့်ဖို့ အများကြီး ရှိနေပါတယ်။ အဲဒီလိုအပ်ချက်တွေကို အမြန်ဖြည့်ဆည်းသွားမယ်” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၇ ရက်က မီးလောင်ခံခဲ့ရတဲ့ ဆိုင်ခန်းပိုင်ရှင်တွေကတော့ စက်ဘီးနဲ့ ဆိုင်ကယ်စတန်း နေရာမှာ ယာယီရောင်းချနေကြပါတယ်။