ပေါင်မြို့နယ်တွင် ၆၉ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား ကျင်းပ
DVB
·
March 1, 2018
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျောက်ရေတွင်းကျေးရွာမှာ မတ်လ ၁ ရက် (တပေါင်းလပြည့်နေ့) ကျရောက်တဲ့ ၆၉ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ဗဟိုအဆင့် ကျင်းပခဲ့ပါတယ်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါတ်တာအေးဇံက “ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုး အားလုံးရဲ့ ရိုးရာစာပေ၊ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်နေသလို ကောင်းမွန်စွာ ပညာသင်ယူနိုင်ရေး၊ ကျန်းမာရေးဝန်ဆောင်မှု၊ လမ်းပန်းဆက်သွယ်ရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ရေး လုပ်ငန်းတွေကိုလည်း ပြည်နယ်အစိုးရအနေနဲ့ စွမ်းစွမ်းတမံ ဆောင်ရွက် အကောင်အထည်ဖော်နေပါတယ်” လို့ အခမ်းအနားမှာ ပြောပါတယ်။
ပအိုဝ်းတိုင်းရင်းသားတွေအနေနဲ့ မိမိတို့၏ စိုက်ပျိုးရေးထွက်ကုန်တွေကို တန်ဖိုးမြှင့် ထုတ်ကုန်တွေအဖြစ် အရည်အသွေးမြှင့် ထုတ်လုပ်နိုင်ရေး၊ ဒေသ၏ ရေမြေတောတောင် သဘာဝအလှများကို အခြေခံသည့် ခရီးသွားလုပ်ငန်း ဈေးကွက်ချဲ့ထွင်နိုင်ရေး၊ သဘာဝသယံဇာတတွေကို အခြေခံတဲ့ တခြားစီးပွားရေးလုပ်ငန်းတွေ ပေါ်ထွက်လာရေး စတာတွေကို ပိုမိုတိုးတက်ပွားများစေရေးအတွက် နိုင်ငံတော်အစိုးရနဲ့ လက်တွဲပြီး ဆက်လက်ကြိုးပမ်းပေးကြရန် တိုက်တွန်းလိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
မွန်ပြည်နယ် ပအိုဝ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရွှေသင်းက “ပအိုဝ်း တိုင်းရင်းသားတို့၏ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှု၊ လူမျိုးနဲ့ ဘာသာစကား စတာတွေကို မေ့ပျောက်သွားခြင်း မရှိစေရန်နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ဆီသို့ လျှောက်လှမ်းရမယ့် အသိအမြင်တွေ နိုးကြားလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်တယ်”လို့ ပြောပါတယ်။
ပအိုဝ်းလူမျိုးတို့အတွက် ရွှေရောင်လွှမ်းသောခေတ်ကို ဖန်တီးပေးခဲ့သော ပအိုဝ်းမင်းတပါး ဖြစ်သည့် သူရိယစန္ဒာမင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ခန့်က သထုံပြည်မှာ တပေါင်းလပြည့်နေ့၊ နေအထွက် လအဝင်အချိန်မှာ မွေးဖွားခဲ့ပြီး အဲဒီမင်းက သထုံမှာ ထင်ရှားတဲ့ ရွှေစာရံစေတီတော်ကြီးကို တည်ထားကြောင်း၊ အဲဒီမင်းရဲ့ ကျေးဇူးတရားတို့ကို အောက်မေ့ပြီး ရှေးအခါကတည်းက တပေါင်းလပြည့်နေ့ရောက်တိုင်း စေတီတော်ကုန်းမြေတွင် ကောက်ဦး ပူဇော်ကပ်လှူခြင်း၊ အဝေး အနီး ဆွေမျိုးတွေ တွေ့ဆုံတာတွေကို နှစ်စဉ် ပြုလုပ်ခဲ့ရာက ပအိုဝ်းအမျိုးသားနေ့ ပေါ်ပေါက်လာရတာ ဖြစ်ကြောင်း၊ အခမ်းအနားနဲ့ ကျင်းပတာကို ပါလီမန်ဒီမိုကရေစီခေတ်က ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ်တို့မှာ စတင်ကျင်းပခဲ့ရာက အခုအခါ ပအိုဝ်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နှစ်စဉ် ကျင်းပနေကြောင်း ကျင်းပရေး ကော်မတီဝင်တဦးဖြစ်သူ ခွန်ချစ်စံဝင်းက ပအိုဝ်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများရေးရာကော်မတီ ဥက္ကဋ္ဌ ဦးထွန်းမင်းအောင်က ပအိုဝ်းတိုင်းရင်းသားတို့ရဲ့ စာပေနှင့် ယဉ်ကျေးမှု မြင့်မားရေးဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဲဒီအခမ်းအနားကို မွန်ပြည်နယ်ထဲက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ မွန်၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားတွေနဲ့ ဒေသခံပြည်သူတွေ တက်ရောက်ခဲ့ကြပြီး ကျေးရွာအသီးသီးမှ တိုင်းရင်းသား ယိမ်းအဖွဲ့တွေက ရိုးရာယဉ်ကျေးမှု အကတွေနဲ့ ဧည့်ခံဖျော်ဖြေခဲ့ကြတယ်လို့ သိရပါတယ်။
သတင်း - ယူမင်းစိုး