မိုးကောင်းတွင် ၄ တန်းကျောင်းသူအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူ ၂ ဦးကို ဖမ်းမိ
DVB
·
March 1, 2018
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ အောင်မင်္ဂလာကျေးရွာ၊ အ.မ.က ကျောင်းက ၄ တန်းကျောင်းသူ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်ကို ဖေဖော်ဝါရီ ၂၅ နေ့က အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ပြီး လွတ်မြောက်နေတဲ့ တရားခံတွေကို ၃ ရက်အတွင်း မိုးကောင်းရဲစခန်းက ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်တဲ့ ဖေဖော်ဝါရီ ၂၅ ရက်က မိုးကောင်းမြို့နယ်၊ ညောင်ထောက်ကျေးရွာနေ ၄ တန်းကျောင်းသူ မိန်းကလေးငယ်ဟာ ထင်းခွေသွားရာကနေ ပြန်ရောက်မလာတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေက လိုက်လံရှာဖွေခဲ့ပါတယ်။ ပျောက်ဆုံးနေတဲ့ သမီးဖြစ်သူကို ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရတဲ့အတွက် ဖခင်ဖြစ်သူက မိုးကောင်း မြို့မရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။
မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်အောင်၊ နယ်ထိန်းတပ်ဖွဲ့ဝင်တွေရဲ့ စုံစမ်းဖော်ထုတ်မှုနဲ့ မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ လေးမိုင်ကျေးရွာနေ ခင်မောင်ဌေး(ခ)မောင်ဌေး (၃၇-နှစ်)၊ အောင်မင်္ဂလာကျေးရွာနေ ဦးမောင်ရီ(ခ)ဦးငင်းဆိုင် (၅၈-နှစ်) တို့နှစ်ဦးကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မိုးကောင်းဒေသခံ မိခင်တဦးက “မတ္တရာ သက်ငယ်မုဒိမ်း သတ်ဖြတ်မှုကြောင့် ဆန္ဒတွေ ပြကြတာ မကြာသေးဘူး။ ခု ဖြစ်ပြန်ပြီ။ ကလေးကိုလည်း ရှေ့ နောက် ပြုကျင့်ထားတယ်လို့ ကြားတယ်။ ဒါဟာ စိန်ခေါ်နေသလိုပါ။ သေဒဏ် တခါတည်း ချပေးစေချင်တယ်” လို့ ပြောပါတယ်။
မိုးညှင်းဒေသခံတဦးက “ကလေးကို ရက်ရက်စက်စက် ပြုချင်တိုင်းပြုပြီး သတ်ထားတာ။ တယောက်တောင်မကဘူး။ သေဒဏ် တောင်းဆိုကြမယ်ဆိုရင် ကျမတို့လည်း ပါဝင်ချင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
တရားခံတွေကို လူသတ်မှုပုဒ်မမှ သက်ငယ်မုဒိမ်းမှု ပုဒ်မ ၃၇၆/၃၇၇/၃၀၂ ထပ်တိုး အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
သတင်း - မုန်းမုန်းမင်း၊ ဓာတ်ပုံ - ဝင်းနိုင်(မိုးကောင်း)