ညောင်လေးပင်မြို့တွင် လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ မီးလောင်
DVB
·
February 25, 2018
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၄ ရက်ညပိုင်းက စိန်ဂျိုးဇက်ခရစ်ယာန်ဥယျာဉ်ဝင်းအတွင်း လျှပ်စစ်ဝါယာကြိုးအပှုလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ညောင်လေးပင်မြို့၊ မြို့မ ၃ ရပ်ရပ်ကွက် ရုံးပေါင်းစုံလမ်း စိန့်ဂျိုးဇက်ခရစ်ယာန် ဥယျာဉ်ဝင်း အတွင်းရှိ အစောင့်နေအိမ်မှာ လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲပြီး မီးစတင် လောင်ကျွမ်းခဲ့တာပါ။
မီးလောင်ရာနေရာကို ညောင်လေးပင်မြို့နယ် မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်နေ ပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပြီး ည ၉ နာရီ ၁၀ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ညောင်လေးပင်မြို့နယ်၊ မီးသတ်စခန်းက မြို့နယ်မီးသတ်ဦးစီးမှူး ဦးသိန်းထိုက်ဦးက ပြောပါတယ်။
မီးလောင်မှုကြောင့် သွပ်မိုး ထရံကာ ပျဉ်းခင်း ၂ ထပ်နေအိမ်တလုံး မီးလောင်ကျွမ်းခဲ့ပြီး နေအိမ်အတွင်းရှိ ဦးအေးထွန်းမှာ ထိတ်လန့်မှုကြောင့် မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထား ရပါတယ်။ နေအိမ် ပျက်စီးဆုံးရှုံးမှု တန်ဖိုး ၂ သိန်း ၃ သောင်းလောက်ရှိတယ်လို့ သိရပါတယ်။
မီးလောင်မှုနဲ့ ပတ်သက်ပြီး ညောင်လေးပင်မြို့မရဲစခန်းက စိန့်ဂျိုးဇက်ခရစ်ယာန်ဥယျာဉ်ဝင်း အတွင်းရှိ အစောင့် ဦးအေးထွန်းကို လျှပ်စစ်မီးပေါ့ဆစွာ သုံးစွဲမှု ရာဇသတ်ကြီးပုဒ်မ-၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်