အင်းတော်မြို့နယ်တွင် သိန်း ၃၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
February 24, 2018
အင်းတော်မြို့နယ်မှာ ငွေကျပ် သိန်း ၃၀၀ လောက် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးမိခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနားကားလမ်း နဘားလမ်းဆုံမှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေပိုင်းအချိန်က ဖမ်းဆီးရမိခဲ့တာလို့ မူးယစ်တပ်ဖွဲ့စု ၆ ကသာမှ ဒုရဲမှူး မြင့်နိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။
မူးယစ်တပ်ဖွဲ့စု ၆ ကသာမှ ရဲအုပ်ကျော်စိုးလင်း ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် FZ အနက်ရောင် ဆိုင်ကယ်စီးလာသူတဦးကို စစ်ဆေးရာမှ ဆိုင်ကယ် ဘက္ထရီ လေစစ်နဲ့ အနောက်မီးခွက်အတွင်းမှ 88/1 စာတန်းပါ စိတ်ကြွဆေးပြားတွေကို တွေ့ရှိခဲ့တာပါ။
စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅ ပါ ၁ ထုပ်၊ ၂၀၀ ပြားပါ ၂၉ ထုပ်၊ စုစုပေါင်း ၅၉၉၅ ပြား၊ ကာလတန်ဖိုး ငွေကျပ် သိန်း ၃၀၀ တန်ဖိုးလောက် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ အောင်ကိုထွန်း ၃၂ နှစ် မိုးကောင်းမြို့နယ်နေသူကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေပုဒ်မနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ကသာခရိုင် မူးယစ်တပ်ဖွဲ့စုမှူးရုံးမှ သိရပါတယ်။
သီဟဆွေ - ကသာ