Home
မြန်မာသတင်း
ချင်းတွင်းသင်္ကြန် မြစ်ကမ်းဘေးသဲသောင်ပြင်တွင် ကျင်းပမည်
Aung Ko Latt
·
February 22, 2018
28168226_530661600667747_7018795649438888538_n
  မြန်မာ့ရိုးရာသင်္ကြန်ကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ခါတိုင်းနှစ်နဲ့မတူဘဲ ပုံစံ ပြောင်းပြီး ချင်းတွင်းမြစ်ကမ်းဘေး သဲသောင်ပြင်မှာ ကျင်းပဖို့ တိုင်းအစိုးရက စီစဉ်နေပါတယ်။ ပြည်တွင်း ပြည်ပ ခရီးသွားတွေ ဆွဲဆောင်နိုင်ရေးကို ရည်ရွယ်ပြီး ရေပက်ဇုန်၊ သဲပန်းပုဇုန်၊ ဒေသထွက်ပြခန်းဇုန်၊ ဖျော်ဖြေရေးဇုန်နဲ့ နားနေဇုန် စတဲ့ ဇုန် ၅ ဇုန်နဲ့ ချင်းတွင်းမြစ်ကမ်းဘေး သဲသောင်ပြင်မှာ သင်္ကြန်ပွဲတော်ကျင်းပမှာပါ။ အဲဒီလိုလုပ်တဲ့အတွက် မြို့ပေါ်မှာလည်း ခြောက်ကပ်မသွားအောင် ပုံမှန်အတိုင်း မဏ္ဍပ်တွေ ဆောက်လုပ်ခွင့်ပေးထားတယ်လို့ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းက ပြောပါတယ်။ အခုနှစ်သင်္ကြန်မှာ  ပထမဆုံးအကြိမ်ပုံစံပြောင်းလဲကျင်းပမယ့် ချင်းတွင်းသင်္ကြန်ဟာ နေရာတစ်ခုထဲမှာ စုပေါင်းလုပ်တာဖြစ်တဲ့အတွက် မြန်မာ့ရိုးရာ အတာသင်္ကြန်ရဲ့ အနှစ်သာရတွေ ကွယ်ပျောက်မှာကို မြို့ခံတွေက စိုးရိမ်နေကြပါတယ်။ မုံရွာမြို့ခံ ဦးနေဦးက “အဲဒီလိုကျင်းပတာက ရပ်ကွက်တွေ၊ လမ်းကြားတွေထဲ လှည့်လည်သွားလာ ရေပက်ကစားကြတဲ့ အနှစ်သာရတွေ ကွယ်ပျောက်သွားမှာကို ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်”လို့ပြောပါတယ်။ ဒီနှစ်သင်္ကြန်မှာ သံချပ်တွေနဲ့ပတ်သက်ပြီးလည်း ကန့်သတ်မှုတချို့ ရှိတယ်လို့လည်း မုံရွာမြို့ခံတွေက ဆိုပါတယ်။ အရင်နှစ်တွေကလည်း တက္ကသိုလ်ကျောင်းသားတွေ၊ မြို့ခံတွေက အလှပြယာဉ်တွေနဲ့အတူ သံချပ်ပြိုင်ပွဲဝင်ကြတာတွေလည်း ရှိပါတယ်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးသန့်စင်က “ သံချပ်ဆိုတာ ပြည်သူတွေရဲ့ ရင်ဖွင့်သံဖြစ်ပြီး ခေတ် အဆက်ဆက်ကတည်းက ထိုးလာတာဖြစ်လို့ ဘယ်လိုပဲ တားတား သံချပ်ထိုးတဲ့အဖွဲ့ကတော့ ထိုးသွားမှာတွေလည်းရှိပါတယ်”လို့ပြောပါတယ်။ ချင်းတွင်းသင်္ကြန်ဟာ သင်္ကြန်ကာလက ပူပြင်းတဲ့ကာလအချိန် မြစ်ကမ်းဘေး သဲသောင်ပြင်မှာ လုပ်မှာဖြစ်လို့ လူတွေရဲ့ကျန်းမာရေးနဲ့  ရေနစ်သေဆုံးမှုတွေ မဖြစ်ပေါ်အောင် ကြပ်မတ်ဖို့တော့ လိုအပ်နေတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။ မုံရွာမှာ အရင်နှစ်တွေက သင်္ကြန် ၄ ရက်သာ ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာတော့ ၇ ရက်အထိ ကျင်းပသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013