ဖက်ဒရယ်ခရီး နီးပြီလား - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
February 21, 2018
ဦးတိုးဇော်လတ် (ဒီဗွီဘီ)
“ဒီနှစ်မှာတော့ ဖက်ဒရယ်ကိစ္စကို တော်တော်ကျယ်ကျယ်ပြန့်ပြန့် ပြောလာတယ်။ အဲဒီလိုပဲ အန်အယ်လ်ဒီအစိုးရရဲ့ အရေးတကြီး မူထဲမှာလည်း ဖက်ဒရယ်ဒီမိုကရေစီကို ပြောလာကြတယ်။ အခုလို နိုင်ငံ့ခေါင်းဆောင်တွေလည်း သုံးသပ်ကြတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေလည်း ပြောလာကြတယ်။ အဲဒီတော့ လောလောဆယ် အစိုးရနဲ့ တိုင်းရင်းသားတွေအကြား ဖက်ဒရယ်နားလည်မှုတွေ တကယ်ရော ရှိနေပြီလား။ ဒီနှစ်မှာ ဖက်ဒရယ်ခရီးက ပိုနီးလာနိုင်လား။ ဆရာ့အနေနဲ့ သုံးသပ်ပေးပါဦး။”
ဦးသန်းစိုးနိုင် (နိုင်ငံရေးဆောင်းပါးရှင်)
“ကျနော်တို့ တည်ငြိမ်ရေးလုပ်ငန်းစဉ် ရှေ့တိုးဖို့ ဖက်ဒရယ်ကိစ္စနဲ့ပတ်သက်ပြီး အခြေခံမူတွေ ဆုံးဖြတ်နိုင်ဖို့က အရေးအကြီးဆုံးပါပဲ။ အန်စီအေရော၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ရော Road Map မှာ အရေးအကြီးဆုံးပဲ။ ဒါပေမယ့် ကျနော်တို့ မြင်တွေ့နေရတဲ့ အခြေအနေက ၂၀၁၈ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်သလို ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေ ချမှတ်နိုင်အောင် ကြိုးစားမယ်ဆိုတဲ့ ကြိုးစားချက်က ၂၀၁၇ နှစ်က အဲဒီနှစ်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဖြစ်အောင် လုပ်မယ်လို့ ပြောတာနဲ့ သိပ်တော့မကွာလှဘူး ထင်တယ်။ ဒီနှစ်ထဲမှာ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေ ချမှတ်နိုင်ဖို့အတွက် လုံလောက်ပြည့်စုံတဲ့ အခင်းအကျင်းတွေ၊ အနေအထားတွေ မရှိသေးဘူးလို့ ပြောချင်ပါတယ်။ အဲဒီလိုပြောရတဲ့ အကြောင်းကတော့ ဖက်ဒရယ်မူနဲ့ပတ်သက်တဲ့ ကိစ္စမှာ ဒုတိယအကျော့ ပင်လုံမှာ ဆွေးနွေးတဲ့အခါမှာလည်း ဒီကိစ္စကို နောင်လာမယ့် တတိယအဆင့်မှာမှ ဆွေးနွေးကြရအောင်၊ အဓိကလည်း အဲဒီမှာ ဖြစ်ကြတာက ခွဲထွက်ခွင့်ပြဿနာနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးပြဿနာကို ပြောဆိုကြ၊ ငြင်းခုံကြနဲ့။ နောက်ဆုံးအဖြေမရတော့ အဲဒီလို ရွှေ့လိုက်ရတာပေါ့။ ဒီကိစ္စက ၂၀၁၈ ခုနှစ်မှာ ဒီကိစ္စတွေတော့ ပြောဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်က ရွှေ့ပြောင်းခဲ့ရသလို ဒီနှစ်မှာလည်း ရွှေ့ပြောင်းရမယ့် အနေအထားတွေ မြင်နေပါတယ်။ ဥပမာ ဖက်ဒရယ်အခြေခံမူနဲ့ ပတ်သက်လို့ ပြောဆိုကြတဲ့အခါမှာ အန်စီအေလုပ်ငန်းစဉ် အဆင့် ၃ မှာ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေ ကျင်းပဖို့ကိစ္စ။ တိုင်းရင်းသားဒေသတွေမှာဆိုရင် ရခိုင်ရော၊ ကချင်ရော၊ ရှမ်းရော အဲဒါတွေမှာ ဆွေးနွေးမှု မရှိသေးဘူး။ အထူးသဖြင့် အာရ်စီအက်စ်အက်စ်နဲ့ ပြဿနာတွေ ပေါ်နေတယ်။ အခုက ဒေါ်အောင်ဆန်းစုကြည် ဝင်ညှိပေမယ့် တကယ်လက်တွေ့က မဖြစ်ဘူး။ ပီဘီအက်စ်တီကလည်း အဲဒီကိစ္စတွေနဲ့ပတ်သက်လို့ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေပြီးမှ တတိယအဆင့် ပင်လုံကို ဆက်ပြီးသွားမယ်လို့ ဆုံးဖြတ်သွားတဲ့အတွက် သောင်မတင် ရေမကျ ဘယ်အချိန် ကျင်းပဖြစ်မလဲ မသိဘူး။ အဲဒီကိစ္စမှာ လူထုအမြင် ကျယ်ကျယ်ပြန့်ပြန့်၊ အထူးသဖြင့် တိုင်းရင်းသားဒေသ ပြည်သူတွေရဲ့အမြင် ကျယ်ကျယ်ပြန့်ပြန့် မပါဘူးဆိုရင် ဒီအခြေခံမူတွေက ပြည့်စုံမှာ မဟုတ်ဘူး။ ဒါပေမယ့် အခုကြားရတဲ့ သတင်းအရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့တော့ တရားဝင် ကန့်သတ်တာတော့ မရှိဘူး။ လူထုတွေ့ဆုံပွဲတွေ အကျယ်အပြန့်လုပ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရကရော တပ်မတော်ကရော တားဆီးကန့်သတ်နေတဲ့အတွက် အမျိုးသားအဆင့် နိုင်ငံရေးလုပ်ငန်းစဉ်တွေ ပီပီပြင်ပြင် မဖြစ်ဘူး။ အဲဒါတွေ ပီပီပြင်ပြင် မဖြစ်ဘဲနဲ့ ဖက်ဒရယ် အခြေခံမူတွေ ချမှတ်နိုင်ဖို့ဆိုတာ အတော်ခက်ပါတယ်။”
ဦးတိုးဇော်လတ် (ဒီဗွီဘီ)
“တကယ့်လုပ်ငန်းစဉ်တွေ ကျန်သေးတယ်။ အဲဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ အရင် ဒုတိယအကြိမ်တုန်းက အချက် ၃၇ ချက်ကို ချနိုင်ခဲ့တယ်။ အန်စီအေလမ်းကြောင်းမှာ သူ့အဆင့်လိုက်ပေါ့့။ ဆရာ့ကိုလည်း ဖြည့်စွက်မေးပါရစေ။ တကယ်ရော ဖက်ဒရယ်နှစ် ဖြစ်လာနိုင်လား။ ဖက်ဒရယ်ဒီမိုကရေစီကို နီးလာပြီလား၊ အရေးတကြီး ဘာတွေများ ဆက်လုပ်ဆောင်နိုင်ဖို့လိုနေလဲ၊ ဆရာ ဖြည့်စွက်ဆွေးနွေးပေးပါဦး။”
ဦးအေးမောင်ကျော် (နိုင်ငံရေးလေ့လာသုံးသပ်သူ)
“ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ အကြာကြီး သွားကြရမှာလေ။ ခြုံငုံပြောရရင်တော့ မနီးသေးဘူးလို့ ပြောရမှာပေါ့။ ဒါပေမယ့် တဆင့်ချင်း သွားရမှာဆိုတော့ ဒီတဆင့်မှာ ဘယ်လောက်လုပ်နိုင်မလဲ ဆိုတာက အရေးကြီးပါတယ်။ ပြီးခဲ့တဲ့အဆင့်မှာ ၃၇ ချက် သဘောတူထားခဲ့တယ်။ ဖက်ဒရယ်နဲ့ပတ်သက်လို့ အခုကတော့ တိုင်းရင်းသား လက်နက်ကိုင်ကလည်း ပြောတယ်။ တိုင်းရင်းသားပါတီကလည်း ပြောတယ်။ အစိုးရကလည်း ပြောတယ်။ တပ်ကလည်း ပြောတယ်။ အားလုံးက ဖက်ဒရယ်ဆိုတာအပေါ်မှာ အရင်လိုတော့ မဟုတ်တော့ဘူး။ အသီးသီး လေ့လာထားချက်တွေ ရှိတယ်။ ‘ဝ’ကလည်း ရှိတာပဲ။ ကချင်လည်း ရှိတယ်။ ရှမ်းလည်း ရှိတယ်။ အစိုးရမှာလည်း ရှိတယ်။ တပ်ကလည်း အများကြီး လေ့လာထားတယ်ဆိုတော့ အရေးကြီးတာက ဒါတွေ စားပွဲပေါ်ရောက်ဖို့ အရေးကြီးတာပေါ့။ အဲဒီဆွေးနွေးတဲ့အချိန်မှာ အလျှော့အတင်းနဲ့ အများလက်ခံနိုင်တဲ့ မူတခုကို ဘယ်လိုယူမလဲဆိုတဲ့ ပြဿနာက အရမ်းအရေးကြီးတယ်။ ဒီအခြေအနေမှာ ပင်လုံကတော့ မခေါ်နိုင်သေးဘူး။ နားလည်မှုတွေ တဖက်နဲ့တဖက် လွဲကြတာတွေ ရှိတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်လို Criteria တွေ၊ ဘယ်နေရာမှာ ဘယ်လိုအခြေအနေ ကိုက်ညီမှ ဘယ်လိုကျင်းပမယ် စတာမျိုး မရှိထားဘူး။ အဲဒီတော့ ဥပမာအားဖြင့် ရှမ်းပြည်နယ်မှာဆိုရင် လက်နက်ကိုင်က နှစ်ဖွဲ့ရှိတယ်။ တဖွဲ့က အန်စီအေထိုးပြီးပြီ။ တဖွဲ့က မထိုးသေးဘူး။ အဲဒီတော့ တဖွဲ့က လုပ်ခွင့်ရှိတယ်၊ တဖွဲ့က လုပ်ခွင့်မရှိဘူး။ အဲဒီတဖွဲ့က လုပ်တဲ့အထဲမှာ ဟိုတဖွဲ့က လာပြီးတက်လို့ရလားပေါ့။ ဟိုတဖွဲ့ရဲ့နယ်မြေမှာ သွားပြီး အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ လုပ်လို့ရမလား။ လုပ်လို့ရတယ်၊ တက်ခွင့်ရှိတယ်ဆိုရင် ထိုးတာနဲ့ မထိုးတာ အတူတူပဲ ပြန်ဖြစ်သွားတယ်။ နောက်တခုက ရှမ်းပြည်နယ်ထဲမှာရှိတဲ့ ရှမ်းပြည်ကိုယ်စားပြု ရှမ်းနိုင်ငံရေးပါတီတွေကျတော့ တပြည်လုံးဆိုင်ပြန်ရော။ တပြည်နယ်လုံးမှာ သူလုပ်နိုင်တဲ့ အခြေအနေတွေ ရှိတယ်။ လက်နက်ကိုင်အဖွဲ့ကျတော့ ပြည်နယ်တခုလုံးကို ကိုယ်စားမပြုတော့ ပြည်နယ်တခုလုံးကို သူ လိုက်လုပ်ဖို့က Legitimacy လျော့နည်းတယ်။ ဒီလို ပြဿနာတွေ အများကြီးရှိတယ်။ ဒါတွေက အစောကတည်းက ညှိမထားတဲ့အတွက် လက်တွေ့လုပ်တဲ့အခါကျတော့ တပ်က ဟိုလိုက်တား၊ ဒီလိုက်တား။ သူကလည်း သူ့အကြောင်းပြချက်နဲ့ တားတာ။ ဟိုကလည်း ပြည်နယ်တခုလုံး လုပ်ချင်တယ်ဆိုတော့ သွားပြဿနာတက်တာ။ အဲဒီတော့ ဒါတွေအကုန်လုံးကို ပြန်ညှိဖို့လိုတယ်။ ပင်လုံမှာတော့ အရေးကြီးတဲ့မူတွေကတော့ ပေါ်လာမှာပါ။ တပ်ကိစ္စတွေက အများကြီးလိုပါသေးတယ်။ လောလောဆယ်မှာ နိုင်ငံရေးကိစ္စမှာပဲ ခွဲထွက်ခွင့်ကိစ္စတွေ၊ ဖက်ဒရယ်မှာ ဘယ်လောက်အထိ လွတ်လပ်ခွင့်ပေးမလဲဆိုတဲ့ ပြဿနာမျိုးတွေကတော့ အများကြီး ညှိရမှာပါ။ ဘာပဲဖြစ်ဖြစ် စားပွဲဝိုင်းပေါ်ရောက်လေ ကောင်းလေပါပဲ။”
အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
ဒီတပတ်တင်ဆက်မယ့် အကြောင်းအရာကတော့ ‘ဖက်ဒရယ်ခရီး နီးပြီလား’ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ ပြည်ထောင်စုနေ့ဖြစ်သလို ၁၃ ရက်နေ့ကလည်း မွန်ပြည်သစ်နဲ့ လားဟူဒီမိုကရက်တစ်တို့ လက်မှတ်ထိုးခဲ့တဲ့အထဲမှာ တပ်မတော်ခေါင်းဆောင်တွေ၊ တိုင်းရင်းသားတွေ အဓိက အကျယ်တဝင့် ပြောခဲ့တာကတော့ ဖက်ဒရယ်ကိစ္စပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖက်ဒရယ်ဆိုတာ သမိုင်းရဲ့ လိုအပ်ချက်တရပ်၊ ပြည်ထောင်စုရဲ့ ထွက်ရပ်လမ်းတရပ် အဖြစ်ကို ရောက်ခဲ့ပြီလို့ မိန့်ခွန်းထဲမှာ ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမှာဖြစ်ပြီး ဒီအပတ် ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးဆောင်းပါးရှင် ဦးသန်းစိုးနိုင်နဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအေးမောင်ကျော်တို့ ဖြစ်ပါတယ်။