ချင်းအမျိုးသားနေ့ပွဲတော်များ မကွေး၊ မုံရွာနှင့် ပုသိမ်မြို့တို့တွင် ကျင်းပ
DVB
·
February 20, 2018
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ် အင်းလည်ကုန်းကျေးရွာမှာ မကွေးတိုင်း ကိုယ်စားပြု နှစ် ၇၀ ပြည့် ချင်းအမျိုးသားနေ့ ပွဲတော်ကို ဖေဖော်ဝါရီ ၁၉ ရက်ကနေ ၂၀ ရက်ထိ ပထမဆုံးအကြိမ် ကျင်းပနေပါတယ်။
ချင်းအမျိုးသားနေ့ ပွဲတော်ကို မကွေးတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီး တက်ရောက်ခဲ့ပြီး သူက “အရှိုချင်းတိုင်းရင်းသား သီးသန့်ပွဲတော် မဟုတ်ဘူး။ တနိုင်ငံလုံးက ချင်းအားလုံး ကိုယ်စားပြု ချင်းပွဲတော် ဖြစ်တယ်”လို့ ပြောပါတယ်။
မနက်ပိုင်းမှာ ချင်းလူငယ်နဲ့ မူးယစ်ဆေးဝါးပြဿနာ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို အရှိုချင်း အမျိုးသားပါတီဗဟိုရဲ့ တွဲဖက်အတွင်းရေးမှူး ဆလိုင်းဇီးတိုးက ဦးဆောင်ဆွေးနွေးခဲ့ပြီး နေ့လယ်ပိုင်းမှာ အရှိုချင်းလူငယ်နဲ့ အနာဂတ်ခေါင်းစဉ်နဲ့ လူထုဗဟိုပြု စီမံကိန်းနည်းပညာ အကြံပေး ဆလိုင်းအောင်ထွန်းမင်းက ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။
ချင်းအမျိုးသားနေ့ ရလဒ်အဖြစ် ချင်းလူမျိုးတွေ နာမည်ရှေ့ ဆလိုင်းနေရာမှာ ‘မောင်’ ဖြစ်နေတာ၊ မိုင်နေရာမှာ ‘မ’ ဖြစ်နေတာတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသို့ တင်ပြပြုပြင်ဖို့နဲ့ ပြည်ထဲရေး အမည်မပေါက်သေးတဲ့ ချင်းတိုင်းရင်းသား ကျေးရွာတွေကို အမည်ပေါက်ရရှိဖို့ အဆိုတင်သွင်းတာကို အတည်ပြုပြီး ရှေ့လုပ်ငန်းစဉ်တွေအဖြစ် ချမှတ်နိုင်ခဲ့တယ်လို့ စာပေနှင့် ယဉ်ကျေးမှုကော်မတီ မင်းတုန်းဥက္ကဋ္ဌ ဆလိုင်းမြတ်ထွန်းဦးက ပြောပါတယ်။
ချင်းအမျိုးသားပွဲတော်ကို ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ခရိုင်ဥပဒေချုပ်၊ ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ တိုင်းလွှတ်တော်မှ တိုင်းရင်းသားရေးရာကော်မတီအဖွဲ့ဝင်တွေ၊ ခရိုင် ရဲတပ်ဖွဲ့မှူးတို့နဲ့ မြို့နယ်အရာရှိတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
သရက်ခရိုင်အတွင်းမှာ အရိုချင်းကျေးရွာပေါင်း ၁၄၅ ရွာ ရှိတယ်လို့ ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ မြို့နယ် ဒုဥက္ကဋ္ဌဆလိုင်းရွှေလှိုင်က ပြောပါတယ်။ မကွေးတိုင်းအတွင်းမှာ ချင်းအများစု နေထိုင်တဲ့ ခရိုင်အလိုက် နှစ်စဉ် ကျင်းပမယ်လို့ သိရတယ်။
အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့၊ မြို့တော်ခန်းမမှာလည်း ချင်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ(မုံရွာ)က ဦးဆောင်ပြီး နှစ် ၇၀ ပြည့် ချင်းအမျိုးသားနေ့ကို ကျင်းပပါတယ်။
ပွဲတက်ရောက်လာတဲ့ ချင်းကျောင်းသူတဦးက "တကျောင်းတည်းမှာ တက်နေကြပေမယ့် မေဂျာမတူကြတော့ မတွေ့ဖြစ်ကြဘူး။ ဒီမှာက စီးပွားရေးနဲ့ ဥပဒေအတွက် ကလေး၊ ဖလမ်း၊ တီးတိန်၊ ဟားခါးတွေကတင်မကဘူး။ ချင်းတောင်ပိုင်းကပါ လာရောက် ပညာသင်နေကြတာ။ အဲဒါတွေက ဒီလိုပွဲတွေလုပ်မှသာ တွေ့ရတာလေ။ ဒီအတွက် အချင်းချင်း ပိုမိုချစ်ခင်ကြရသလို မိတ်သစ်ဆွေသစ်တွေလည်း တိုးတယ်။ ပိုပြီးလည်း စည်းလုံးမှု ရစေတယ်"လို့ ဆိုပါတယ်။
မုံရွာမှာ ကျင်းပတဲ့ ချင်းအမျိုးသားနေ့ပွဲကို မုံရွာတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပြီး ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်း ရှင်းပြတာ၊ ချင်းတိုင်းရင်းသား ရိုးရာအကတွေနဲ့ သီဆိုဖျော်ဖြေကပြခဲ့ကြပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမမှာလည်း ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ချင်းရိုးရာအကတွေနဲ့ မနေ့ညက ဖျော်ဖြေခဲ့ကြပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာတော့ အလံတင် အခမ်းအနား ကျင်းပခဲ့ကြပါတယ်။
အဲဒီအခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ပုသိမ်၊ မြန်အောင်၊ ကြံခင်းနဲ့ အင်္ဂပူမှာ နေထိုင်ကြတဲ့ ချင်းလူမျိုး ၂၀၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။
ချင်းအမျိုးသားနေ့ကို အရင်က မြန်အောင်နဲ့ ကြံခင်းမြို့နယ်ထဲက ကျေးရွာတွေမှာ ကျင်းပလေ့ ရှိခဲ့ပေမယ့် အခက်အခဲတွေ ရှိတာကြောင့် အခုနှစ်ကျမှ ပုသိမ်မြို့မှာ ပထမဆုံးအကြိမ် ကျင်းပတာလို့ ချင်းအမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီဝင် ဆလိုင်းသန့်ဇင်က ပြောပါတယ်။
ဒီနေ့မှာ ကျရောက်တဲ့ ချင်းအမျိုးသားနေ့ အခမ်းအနားတွေကို ပြည်နယ်အဆင့်အနေနဲ့ ဟားခါးမြို့၊ စစ်ကိုင်းတိုင်းအနေနဲ့ တမူးမြို့နဲ့ ချင်းအများစု နေထိုင်ရာ ပြည်တွင်း ပြည်ပမှာ ကျင်းပနေကြတာ ဖြစ်ပါတယ်။
သတင်း- နေမှူးလူ၊ အောင်ကိုလတ်၊ ကိုကိုကြည်