Homeမြန်မာသတင်း
ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်၊ ဂျပန်ကိုယ်စားလှယ်တို့ ဆွေးနွေး
ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်၊ ဂျပန်ကိုယ်စားလှယ်တို့ ဆွေးနွေး
DVB
·
February 13, 2018
မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေမှာ တရုတ်နဲ့ ဂျပန်နိုင်တို့က ကူညီဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေနဲ့ စပ်လျဉ်းပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်၊ ဂျပန်အထူးကိုယ်စားလှယ်တို့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် ဆန်ဂူကျန်းနဲ့ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုဟဲအိ ဆာဆာကာဝါတို့နဲ့ သီးခြားတွေ့ဆုံဆွေးနွေးခဲ့တာလို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးနဲ့ တရုတ်အထူးကိုယ်စားလှယ်တို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ ထာဝရ ငြိမ်းချမ်းရေးရရှိဖို့ တပ်မတော်က ဆောင်ရွက်နေတဲ့ အခြေအနေတွေ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်နေမှုတွေမှာ ကူညီဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြတယ်။
ဂျပန်အစိုးရ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံရာမှာတော့ မြန်မာနိုင်ငံရဲ့ ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့ တပ်မတော်က ဆောင်ရွက်နေမှု အခြေအနေတွေ၊ ဂျပန်နိုင်ငံက ပါဝင်ကူညီ ဆောင်ရွက်ပေးတဲ့ အခြေအနေတွေ ငြိမ်းချမ်းရေးရရှိပြီးဖြစ်တဲ့ နယ်မြေတွေမှာ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းမှာ ဖော်ပြထားပါတယ်။
တရုတ် အာရှရေးရာ အထူးကိုယ်စားလှယ် ဆန်ဂူကျန်းနဲ့ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါတို့ဟာ ဒီနေ့ ပြုလုပ်ခဲ့တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ အန်စီအေ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပွဲမှာလည်း အသိသက်သေအဖြစ် ပါဝင် လက်မှတ်ထိုးခဲ့ကြပါတယ်။
တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ်ဟာ အစိုးရနဲ့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တို့ကြား ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာစေဖို့ အဓိက ကူညီပေးနေပြီး ဂျပန်နီပွန် ဖောင်ဒေးရှင်းကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ ငွေကြေးအဓိက ထောက်ပံ့ကူညီနေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး