သထုံတွင် အမျိုးသမီးထံမှ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
February 11, 2018
မွန်ပြည်နယ်၊ သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်၊ ဂေါ့လမ်း၊ ဘားအံ-သထုံသွားကားလမ်းမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ ညနေပိုင်းက အမျိုးသမီးတဦးမောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာမှ 88-1 စာတမ်းပါ စိတ်ကြွမူးယစ်ဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ သထုံခရိုင်မှုခင်းနှိမ်နင်းရေးဌာနက ပြောပါတယ်။
သထုံခရိုင်မှုခင်းနှိမ်နင်းရေးဌာနမှ ရဲအုပ်အောင်သူက "ကျနော်တို့တပ်ဖွဲ့ဝင်တွေနဲ့ သက်သေလူကြီးတွေ ပူးပေါင်းပြီး ဂေါ့လမ်းဆုံမှာ သတင်းအရ အမျိုးသမီးတစ်ဦးမောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေခဲ့တာပါ။ သူ့လွယ်ထဲက ရှူဆေးဘူးထဲ ထည့်လာတဲ့ ဆေးပြား ၄ ပြားတွေ့တယ်။ နောင်သူ့ခန္ဓာကိုယ်ထဲမှာ အမျိုးသမီးရဲမေနဲ့ ရှာကြည့်တော့ ဆေးပြား ၃၇၆ ပြားကို ထပ်မံရရှိတာပါ။ ခရိုင်ရဲတပ်ဖွဲ့ရုံးဝရမ်းနဲ့ သူ့အိမ်ကို ထပ်ရှာကြည့်တော့ အပြား ၅၀ ထပ်မံဖမ်းဆီးရမိတာပါ"လို့ ဒီဗွီဘီကိုပြောပါတယ်။
မတင်ခိုင်ခိုင်ဦးရဲ့ နေအိမ်ကို ထပ်မံဝင်ရောက်ရှာဖွေခဲ့ရာမှာ 88-1 စာတမ်းပါ အနီရောင်စိတ်ကြွဆေးပြား ၅၀ ကို ထပ်မံတွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
စိတ်ကြွမူးယစ်ဆေးပြားတွေ လက်ဝယ်တွေ့ရှိခဲ့သူ မတင်ခိုင်ခိုင်ဦးကို သထုံမြို့မရဲစခန်းက မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၅/၁၉(က) နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။
သတင်း - ယူမင်းစိုး