ညောင်လေးပင်တွင် ရဲတဦး၏သေနတ် ကျည်ပေါက်ထွက်၊ အချုပ်သား ဒဏ်ရာရ
DVB
·
February 9, 2018
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ဖေဖော်ဝါရီ ၉ ရက် မနက် ၁၀ နာရီလောက်က တာဝန်ကျ ရဲတပ်သားတဦးရဲ့ သေနတ်က ကျည်ပေါက်ထွက်ပြီး အချုပ်ခန်းထဲက အချုပ်သား ၁ ဦး သေနတ်ဒဏ်ရာရသွားတယ်လို့ မြို့မစခန်းကသိရပါတယ်။
ညောင်လေးပင်မြို့မစခန်းရှေ့မှာ မနက် ၈ နာရီက ၁၀ နာရီအချိန်ထိ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား နိုင်ထူးအောင်ကို MA -13 သေနတ် အမှတ် Q-44261၊ ၉-မမ ကျည် ၁၀ တောင့်ကို စခန်းက ထုတ်ပေးထားတာ ဖြစ်ပါတယ်။
ရဲတပ်သား နိုင်ထူးအောင်ဟာ ခွင့်ပြုချက် တစုံတရာမရှိဘဲ တာဝန်ကျနေရာက စွန့်ခွာပြီး အမျိုးသားအချုပ်ခန်းအမှတ် ၂ ရှေ့ကိုအသွားမှာ ကိုင်ဆောင်ထားတဲ့ MA-13 သေနတ်ကနေ ကျည်ပေါက်ထွက်သွားတာလို့ မြို့မစခန်းမှူး ဒုရဲမှူးဌေးဝင်းက ဒီဗွီဘီကို ပြောပါတယ်။
ကျည်ပေါက်ထွက်မှုကြောင့် အချုပ်ခန်း အမှတ်-၂ မှာ ချုပ်နှောင်ထားတဲ့ ပြည်ပ အလုပ်အကိုင်အမှုနဲ့ ရင်ဆိုင်နေရတဲ့ အချုပ်တရားခံ ဇေယျာဦးကို ကျည် ၂ ချက် ထိမှန်ခဲ့ပြီး ညာလက်မောင်းမှာ ကျည်ဖောက်ထွင်းဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်မောင်းမှာ ကျည်ဖောက်ထွင်းပြီး ဝဲဘက်လက်ပြင်အောက်မှာ ကျည်ဆန်ဝင်ရောက်ဒဏ်ရာ ၁ ချက် ရရှိခဲ့တယ်လို့လည်းပြောပါတယ်။
ဒဏ်ရာရသွားတဲ့ အချုပ်သား ဇေယျာဦးကို ညောင်လေးပင်မြို့ ပြည်သူ့ဆေးရုံကို အတွင်းလူနာအဖြစ် ပို့ဆောင်ထားရှိခဲ့ပြီး ညောင်လေးပင်ဆေးရုံကတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ထပ်မံပို့ဆောင်ထားရပါတယ်။
ညောင်လေးပင်မြို့မစခန်းမှူး ဒု-ရဲမှူးဌေးဝင်းက “အချုပ်သားကိုတော့ ရဲဆေးစာနဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ပါပြီ။ အသက်စိုးရိမ်စရာ မရှိဘူးလို့တော့ ဆရာဝန်က ပြောတယ်။ တရားခံက အမှု ၄ မှုနဲ့ အချုပ်ကျနေတာလည်း ကြာပြီ။ သူတို့နှစ်ယောက်ကလည်း ခင်မင်ရင်းနှီးတယ်။ သေနတ်ဆော့ရင်းနဲ့ ဖြစ်သွားတာ။ အခုလောလောဆယ်တော့ ရဲတပ်သားကို ဥပဒေ လုပ်ထုံးလုပ်နည်းတွေ၊ ရဲစည်ကမ်း ထိန်းသိမ်းရေးဥပဒေတွေနဲ့ အရေးယူ ဆောင်ရွက်နေပါတယ်”လို့ ပြောပါတယ်။
သေနတ်ကို ပေါ့ပေါ့ဆဆကိုင်တွယ်ခဲ့တဲ့ ရဲတပ်သား နိုင်ထူးအောင်ကို ညောင်လေးပင်မြို့ ရဲစခန်းမှာ ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - နေလင်းထိုက်