ညောင်လေးပင်မြို့တွင် တရားမဝင် သစ်ခွဲသားများ ဖမ်းမိ
DVB
·
February 9, 2018
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှာ ဒီနေ့ မနက်ပိုင်းက ၁၂ ဘီးယာဉ်ပေါ်က တရားမဝင် ပိတောက်ခွဲသားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်သစ်တောဦးစီးမှူးရုံးက ပြောပါတယ်။
ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၀၃/အနီးမှာ မြို့နယ်သစ်တောဦးစီးနဲ့အဖွဲ့က သတင်းအရ သွားရောက်စောင့်ဆိုင်းနေချိန် မန္တလေးကနေ ရန်ကုန်ကို ယာဉ်မောင်း ဦးခိုင်ဇော် မောင်းနှင်ပြီး ယာဉ်အကူ ဦးဇော်မင်းထွေး လိုက်ပါလာတဲ့ ၁၂ ဘီးယာဉ်ကို စစ်ဆေးရာ တရားမဝင် ပိတောက်သစ်ခွဲသား ၆ တန်၊ ကာလတန်ဖိုးငွေ ၄၈ သိန်းဖိုးလောက် ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ညောင်လေးပင်မြို့နယ်တောအုပ် ဦးနိုင်ဦးက “တရားခံတွေကိုတော့ မိပါတယ်။ အခုတော့ ရဲစခန်းမှာ ယာယီအပ်နှံထားပါတယ်။ အသေးစိတ်တော့ စစ်ဆေးခြင်း မပြုရသေးဘူး” လို့ ပြောပါတယ်။
ညောင်လေးပင်မြို့နယ် သစ်တောဦးစီးမှူးရုံးက ယာဉ်မောင်း ဦးခိုင်ဇော်နဲ့ ယာဉ်နောက်လိုက် ဦးဇော်မင်းထွေးတို့နှစ်ဦးကို သစ်တောဥပဒေပုဒ်မ ၄၂(ခ) နဲ့ အမှုဖွင့်ထား တယ်လို့ သိရပါတယ်။
သတင်း၊ဓာတ်ပုံ-နေလင်းထိုက်