ရိုဟင်ဂျာမရှိကြောင်း ကမ္ဘာကိုသက်သေအခိုင်အမာပြနိုင်ရန် သမိုင်းမူကြမ်းရေးဆွဲပြီးစီး(ရုပ်သံ)
DVB
·
February 8, 2018
မြန်မာတိုင်းရင်းသားလူမျိုးတွေထဲမှာ ရိုဟင်ဂျာမရှိကြောင်း ကမ္ဘာကို သက်သေအခိုင်အမာ ပြနိုင်ဖို့ သမိုင်းမူကြမ်းရေးဆွဲပြီး ဖြစ်တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး သူရဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီ ၈ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေဆိုရင်း ပြောဆိုခဲ့တာပါ။
“နှစ်ပေါင်းထောင်ချီ ကာလတွေကတည်းက ရိုဟင်ဂျာဆိုတာ မြန်မာတိုင်းရင်းသားတွေထဲမှာ မရှိဘူးဆိုတာ လူတိုင်းလည်း သိပါတယ်။ သို့သော်ဒါကို လက်မခံဘူး။ မရှိဘူးလို့ ပြောနေရုံနဲ့ မပြည့်စုံပါဘူး။ ခိုင်မာတဲ့ သမိုင်း သက်သေအထောက်အထား ပြနိုင်ရပါမယ်။ အဲလို ပြနိုင်ဖို့အတွက်ကို မြန်မာ့ သမိုင်းထဲကို ဘဂါင်္လီ ဝင်ရောက်လာမှု သမိုင်းကြောင်းကို ပြုစုတဲ့အခါမှာ မြန်မာ သမိုင်းပညာရှင်များသာ မကဘဲနဲ့ နိုင်ငံတကာ သမိုင်းပညာရှင်များပေါ့။ အထူးသဖြင့် အင်္ဂလန်တို့၊ ပြင်သစ်တို့ ပညာရှင်တွေ ရေးတဲ့စာအုပ်၊ စာတမ်း အထောက်အထားတွေ အကုန် ရယူပြီးမှ ဒါကို ပြုစုတာ ဖြစ်ပါတယ်။”လို့ သူရဦးအောင်ကိုကပြောပါတယ်။
လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံ သမိုင်းနဲ့အတူ မြန်မာနိုင်ငံအတွင်းကို ဘဂါင်္လီတွေ ဝင်ရောက်လာပုံ သမိုင်းစာအုပ်ရေးသားမှုဟာ မူကြမ်းအဆင့် ပြီးမြောက်ပြီးဖြစ်တဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အဲဒီ သမိုင်းစာအုပ်ရေးသားဖို့ကိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ညွှန်ကြားခဲ့တာဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။