သာစည်-လွိုင်ကော်ရထားပေါ်တွင် ဘိန်းဆီခဲ ကျပ်သိန်း ၆၀၀ ဖိုးခန့် ဖမ်းမိ
DVB
·
February 4, 2018
သာစည်မြို့နယ်၊ ယင်းမာပင်ဘူတာ သာစည်-လွိုင်ကော် အစုန်ရထားပေါ်မှာ ဖေဖော်ဝါရီ ၃ ရက် ညပိုင်းက အမည်းရောင်ဘိန်းဆီခဲ သိန်း ၆၀၀ ဖိုးလောက် ပိုင်ရှင်မဲ့ ဖမ်းမိတယ်လို့ ယင်းမာပင်ရွာရဲစခန်းက ပြောပါတယ်။
သတင်းအရ ယင်းမာပင်ရွာဘူတာမှာ အမှတ်(၁၈) မူးယစ်တပ်ဖွဲ့စု မီရထားရဲနဲ့ နယ်မြေခံရဲတပ်ဖွဲ့တို့က လွိုင်ကော်ကဆင်းလာတဲ့ ရထားတွဲအမှတ်(၁)ကို ရှာဖွေရာမှ ပိုင်ရှင်မဲ့ ဖမ်းမိတာပါ။
ယင်းမာပင်ရွာစခန်းမှူး ရဲအုပ်ကျော်မြင့်သိန်း က “ရထားအတက်အဆင်း တံခါးပေါက် ဘယ်ဘက်ဘေးက ပစ္စည်းတင်တဲ့ စင်ပေါ်မှာ တွေ့တာပါ။ အမည်းရောင် အဝါရောင်အကြား ပလပ်စတစ်ခြင်းထဲက ၆ဒသမ၅ ကီလိုဂရမ် စိမ်းဝါနီကြား ပလတ်စတစ်ခြင်းကြားထဲက ၆ ဒသမ ၅ ကီလိုကီရမ် တွေ့တယ်။ ပေါင်း ၁၃ ကီလိုဂရမ်ပေါ့ ၅၈၅ သိန်း တန်ဖိုးသင့်တယ်။ ပိုင်ရှင်ကို စုံစမ်းနေတယ်” လို့ ပြောပါတယ်။
ယင်းမာရွာရဲစခန်းမှာ စုံစမ်းနေဆဲတရားခံကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဥပဒေပုဒ်မ၊ ရောင်းချရန်လက်ဝယ်ထားရှိ သယ်ယူမှု ပုဒ်မ ၁၉(က) နဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
မောင်မောင်လင်း(ဝမ်းတွင်း)