ဖားကန့်တွင် ကျပ်သိန်း ၅၀၀၀ ခန့်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
DVB
·
February 2, 2018
ဖားကန့်မြို့နယ်မှာ ကျပ်သိန်း ၅၀၀၀ လောက် တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၁ နာရီက တပ်မတော်နဲ့ မူးယစ်တပ်ဖွဲ့စု (၃) မိုးညှင်းမှ ပူးပေါင်းအဖွဲ့တွေဟာ မူးယစ်ဆေးဝါးသတင်းအရ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအုပ်စု၊ ဆပ်ပြာချောင်းကျေးရွာအထွက် ဟိုပင်-လုံးတုံ-ဝှေခါကားလမ်းမှာ ညွန့်မောင် မောင်းနှင်ပြီး မခင်နှင်းအေး လိုက်ပါလာတဲ့ မော်တော်ယာဉ်ကို ရှာဖွေရာကနေ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။
မော်တော်ယာဉ်ရဲ့နောက်ခန်း ထိုင်ခုံအောက်အံဝှက်နဲ့ နောက်ကြမ်းခင်း အံဝှက်တွေ အတွင်းမှာ ငွေကျပ် ၄၉၁၁ ဒသမ ၅ သိန်း တန်ဖိုးရှိ ဘိန်းဖြူဆပ်ပြာခွက် ၅၁၇ ခွက်၊ ဘိန်းဖြူ အလေးချိန် ၅ ဒသမ ၁၇ ကီလို သိမ်းဆည်းရမိခဲ့တယ်ုလို့ သတင်းမှာ ဖော်ပြပါတယ်။
ကွင်းဆက်စစ်ဆေးချက်အရ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ ဖားပြင်ရပ်ကွက် ရွာလယ်လမ်း တံတားထိပ်မှာ စန်းဖာဆိုသူကို ထပ်မံဖမ်းဆီးခဲ့ပြီး သူတို့ ၃ ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။
ဓာတ်ပုံ - ပြည်ထဲရေး