မောင်တောတွင် စိတ်ကြွဆေးပြား ကျပ်သိန်း ၂၅၀၀၀ ဖိုးခန့် ဖမ်းမိ
DVB
·
January 27, 2018
မောင်တောမြို့၊ မောင်နီအလယ်ရွာမှာ ကျပ်သိန်း ၂၅၀၀၀ တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၂၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။
မူးယစ်ဆေးဝါးတွေ သိမ်းဆည်းထားတယ်လို့ သတင်းရတဲ့အတွက် မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး စီမံကြီးကြပ်တဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့အတူ မောင်နီ(အလယ်ရွာ)က ဟာဆောင်းရဲ့ နေအိမ်မှာ ဝင်ရောက်ရှာဖွေတဲ့အခါ ဟာဆောင်းက ထွက်ပြေးသွားခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ရှာဖွေတဲ့အခါ အိမ်ခြံဝင်းထဲက မြေသားတင်တဲ့ ထွေလာဂျီကားပေါ်မှာ မြေကြီးတွေနဲ့ ဖုံးထားတဲ့ ဆာလာအိတ် ၇ အိတ်ထဲက ပန်းရောင် စိတ်ကြွဆေးပြားတွေကို တွေ့ရှိခဲ့ပါတယ်။ တွေ့ရှိတဲ့ ဆေးပြားအရေအတွက် ၁၂၅ဝဝဝဝ (ဒေသတန်ဖိုး ကျပ်သိန်း ၂၅ဝဝဝ ခန့်) ရှိတယ်လို့ ဆိုပါတယ်။
ဆေးပြားတွေ၊ သယ်ဆောင်တဲ့ယာဉ်ကို ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ပြီး ရှာဖွေစစ်ဆေးချိန် ဆေးပြားတွေနဲ့အတူ အိမ်ခြံဝင်းထဲမှာတွေ့ရတဲ့ ဟာဘီယာခါတူနဲ့ မာမက်အီနုစ်တို့ နှစ်ယောက်ကို မောင်တောမြို့မရဲစခန်းက မူး/စိတ်ပြောင်းပုဒ်မ ၁၅/၁၉(က)/၂၁ နဲ့ အမှုရေးဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-ကိုအောင်၊ ဓာတ်ပုံ-ရဲတပ်ဖွဲ့