Home
ဆောင်းပါး
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လက်တွေ့ကျရဲ့လား
DVB
·
January 16, 2018
20180113 naytwinnyine is peace process practicaly
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပိုပြီး လျင်မြန်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေဟာ အခုအချိန်မှာတော့ အားပျော့သွားခဲ့ပါပြီ။ သမိုင်းဝင် ၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် တပြည်လုံးရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့တဲ့ ၂၀၁၁ ခုနှစ် သြဂုတ်လကနေ စတင်ရေတွက်မယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ၆ နှစ်ကျော်လာပါပြီ။ ရှေ့တိုးရခက်၊ နောက်ဆုတ်ဖို့မဖြစ်တဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘာတွေမှားယွင်းနေလဲဆိုတာ မေးရမယ့်မေးခွန်း ဖြစ်လာပါတယ်။ အန်စီအေ သဘောတူညီချက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မပြောရင် မပြီးတဲ့အရာက အန်စီအေလို့ခေါ်တဲ့ တပြည်လုံး အပစ်ရပ် သဘောတူညီချက် ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလောက်မှာ စတင်ဆွေးနွေးခဲ့ပြီး ၂၀၁၅ သြဂုတ်လမှာ အချောသတ်နိုင်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ အန်စီအေမှာ အခန်း ၇ ခန်းနဲ့ အချက်ပေါင်း ၃၃ ချက် ပါဝင်ပါတယ်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ လက်မှတ်ထိုးတဲ့အခါ ဆွေးနွေးတဲ့လုပ်ငန်းစဉ်မှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး မပါဝင်ခဲ့ဘဲ အဖွဲ့ ၈ ဖွဲ့ကပဲ လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအပြီး အစိုးရ အပြောင်းအလဲ ကာလမှာ အန်စီအေ သဘောတူညီချက်အရ ငြိမ်းချမ်းရေးညီလာခံကို နေပြည်တော်မှာ “အဖွင့်” သဘော ကျင်းပခဲ့ပြီး ဘာသဘောတူညီချက်မှ မရခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး ညီလာခံ (သို့မဟုတ်) ၂၁ ရာစု ပင်လုံညီလာခံအဖြစ် နာမည်ပြောင်းခဲ့ပေမယ့် အများမျှော်လင့်သလို လုပ်နည်းလုပ်ဟန်ပိုင်းမှာ သိသာတဲ့ အပြောင်းအလဲတွေကို မတွေ့ရသေးပါဘူး။ အန်စီအေရဲ့အပြင်မှာ ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ညှိနှိုင်းမှုတွေမှာ အရင်အတိုင်းပဲ ခရီးမပေါက်ခဲ့ပါဘူး။ ၂၁ ရာစု ပင်လုံနဲ့ ၂၁ ဖွဲ့ ပြဿနာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဓိက ဦးဆောင်နေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်စဉ်ထဲမှာ တိုင်းရင်းသားအဖွဲ့တွေ အားလုံး မပါဝင်နိုင်သေးတာကို အသိအမှတ်ပြု ပြောဆိုပေမယ့် အားလုံး အချိန်မဆွဲဘဲ အန်စီအေ ထီးရိပ်အောက်ကို ဝင်လာကြဖို့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်းက မဖြေရှင်းနိုင်တဲ့ အားလုံးပါဝင်ရေး ပြဿနာဟာ ဒေါ်အောင်ဆန်းစုကြည် လက်ထက်အထိ အဖြေမရှာနိုင်သေးပါဘူး။ မြောက်ပိုင်းအရေး အဖြေမရှိသေး မြန်မာပြည် မြောက်ပိုင်းဒေသနဲ့ ဆက်စပ်နေတဲ့ အရှေ့မြောက်ဒေသဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့  အခက်ခဲဆုံး ပြဿနာအဖြစ် ဆက်ရှိနေပါတယ်။ အန်စီအေမှာ လက်မှတ်ထိုးဖို့ ငြင်းဆန်နေတဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကနေ ဖယ်ထုတ်ခံထားရတဲ့ ကိုးကန့် (MNDAA)၊ တအာင်းပလောင် (TNLA)၊ ရခိုင် (AA) တို့ ပေါင်းပြီး ကန့်သတ်စစ်ဆိုပြီး ၂၀၁၆ နိုဝင်ဘာမှာ စစ်ဆင်ရေး စတင်ခဲ့ပါတယ်။ ဒီလို စစ်ဆင်တာဟာ တပ်မတော်က သူတို့ဒေသတွေမှာ လပေါင်းများစွာ အကြီးစား စစ်ဆင်နေတာကို လက်တုံ့ပြန်တာလို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက ကြေညာခဲ့ပါတယ်။ ဒီတိုက်ပွဲတွေဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရလက်ထက်မှာ တပ်မတော်နဲ့ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြားက အကြီးစား ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့ပြီး ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေကို ပိုလို့ အားပျော့စေပါတယ်။ အန်စီအေကို လက်မှတ်ထိုးဖို့ ငြင်းဆန်နေတဲ့ အင်အားကြီး “ဝ” တပ်ဖွဲ့ကလည်း မြောက်ပိုင်း တိုင်းရင်းသားအဖွဲ့တွေကို စာနာကြောင်း ပြသခဲ့တဲ့အတွက် အခြေအနေတွေက ပိုပြီး ရှုပ်ထွေးစေခဲ့ပါတယ်။ အဲဒီဒေသမှာ အန်စီအေကို လက်မှတ်မထိုးထားတဲ့ မိုင်းလားအဖွဲ့ (NDAA)၊ တပ်မတော်နဲ့ မကြာခဏ ထိပ်တိုက်တွေ့လေ့ရှိတဲ့ ဝမ်ဟိုင်းအခြေစိုက် ရှမ်းမြောက်အဖွဲ့ (SSPP/SSA) တို့လည်း ရှိနေပါတယ်။ ဒီအဖွဲ့တွေ အားလုံးပေါင်းရဲ့ အင်အားဟာ သူပုန်အင်အား စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းရှိတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ တောင်ပိုင်းမှာ မျှော်လင့်ချက် ရှိမလား အစိုးရက စီစဉ်ထားတဲ့ ဇန်နဝါရီလကုန်ပိုင်း ညီလာခံမတိုင်ခင် ငြိမ်းချမ်းရေး မျှော်လင့်ချက်က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အပေါ်မှာ မူတည်နေပါတယ်။ ၁၇ လကြာ ညှိနှိုင်းဆွေးနွေးနေတဲ့ UNFC ရဲ့ အဆိုပြုချက် ၉ ချက်ထဲက တစ်ဆို့နေဆဲ ၃ ချက်ကို ဖြတ်ကျော်နိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။ ညှိနှိုင်းမှုတွေ အဆင်ပြေခဲ့ရင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ရခိုင်အမျိုးသားကောင်စီ (ANC) အဖွဲ့တို့ အန်စီအေကို လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရားဝင် ပါဝင်လာဖွယ် ရှိပါတယ်။ အန်စီအေလမ်းကြောင်း မထိရောက်တော့ဘူးလား ဒီအတောအတွင်းမှာ အန်စီအေ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ တပ်မတော်ကြားထဲက ဆက်ဆံရေးမှာ မကျေလည်စရာတွေ ပေါ်ပေါက်နေပါတယ်။ ရှမ်းပြည်နယ်ထဲမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို တပ်မတော်က တားဆီးခဲ့ပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲ ယာယီရွှေ့ဆိုင်းလိုက်ကြောင်း အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က သတင်းထုတ်ပြန်ပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပမီမှာ မြို့နယ် ၁၄ ခုမှာ အကြိုကျင်းပဖို့ နဂိုက သဘောတူညီခဲ့ပေမယ့် တောင်ကြီး၊ ပင်လုံ၊ ကျောက်မဲ၊ ကာလိ၊ တာချီလိတ်တို့မှာ တားဆီးခံခဲ့ရတယ်လို့ RCSS က ဆိုပါတယ်။ ကရင်အမျိုးသားတပ်မတော် (KNLA) ကလည်း အန်စီအေလမ်းကြောင်းကို မေးခွန်းထုတ်လာပါတယ်။ အန်စီအေလမ်းကြောင်းဟာ မထိရောက်တဲ့အတွက် စီစဉ်ထားတဲ့ ငြိမ်းချမ်းရေးညီလာခံကိုလည်း ဆိုင်းငံ့ထားဖို့ သဘောထား ထုတ်ပြန်ပါတယ်။ အထူးသဖြင့် သဘောတူထားတဲ့ အန်စီအေလမ်းကြောင်းနဲ့ မြန်မာ့တပ်မတော်ရဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေမှာ ကွဲလွဲနေတယ်လို့ KNLA တပ်မှူးတွေရဲ့ အရေးပေါ်ညီလာခံကနေ သဘောထား ထုတ်ပြန်ပါတယ်။ တိုင်းရင်းသားအဖွဲ့တွေကို လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ဖို့၊ နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းနေတာကို လက်မခံနိုင်ဘူးလို့ KNLA က ဆိုပါတယ်။ ကေအန်ယူဟာ အန်စီအေ လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့ထဲမှာ အင်အားအကြီးဆုံးဖြစ်လို့ ဒီလို သဘောထားထုတ်ပြန်ချက်ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ဂယက်ရိုက်နေပါတယ်။ အန်စီအေဟာ အခြေခံမူလား၊ လုပ်ငန်းစဉ်လား အန်စီအေ ထီးရိပ်အောက်ကို ဝင်လာဖို့ အစိုးရနဲ့ တပ်မတော်ဘက်က တိုက်တွန်းနေပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က လက်မခံသေးပါဘူး။ အားလုံးပါဝင်ရေးမူအရ တင်းခံနေတဲ့ ကေအိုင်အေ ခေါင်းဆောင်မှုနောက်မှာ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေ၊ နောက်ဆက်တွဲအချက်တွေ ညှိနှိုင်းမရသေးတဲ့ UNFC အဖွဲ့တွေနဲ့ နဂိုကတည်းက အန်စီအေလမ်းကြောင်းရဲ့ အပြင်ဘက်မှာ နေခဲ့တဲ့ “ဝ” အဖွဲ့လို လက်နက်ကိုင်အဖွဲ့တွေ ကျန်နေပါသေးတယ်။ ဒီအဖွဲ့တွေအားလုံး မပါဝင်ဘဲ ငြိမ်းချမ်းရေးကို ဒီအတိုင်း ခရီးဆက်မယ်ဆိုရင် အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ဆိုကြပါတယ်။ ဒါကြောင့် အန်စီအေကို လက်မှတ်ထိုးမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ပေးမယ်ဆိုတဲ့ “အသေ” သဘောမထားဘဲ ပြုလွယ် ပြင်လွယ် လုပ်ငန်းစဉ်တရပ်အနေနဲ့ သဘောထားမယ်ဆိုရင် ပိုပြီးလက်တွေ့ကျမယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။ ညီလာခံကို ကြိုဆိုနေတဲ့ ပဋိပက္ခများ ငြိမ်းချမ်းရေးညီလာခံကို ဇန်နဝါရီလကုန်မှာ ကျင်းပဖို့ UPDJC က ဆုံးဖြတ်ထားပေမယ့် ရှမ်းမြောက်၊ ကချင်နဲ့ ကရင်ပြည်နယ်တို့မှာ သေနတ်သံတွေ မတိတ်သေးပါဘူး။ အရပ်သား ရာပေါင်းများစွာ စစ်ဘေးကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။ လတ်တလော ကရင်နီ (ကေအန်ပီပီ) တပ်သားတွေ သေဆုံးမှုနဲ့ပတ်သက်လို့ အမှန်တရားနဲ့ တရားမျှတမှုကို ဖော်ထုတ်ပေးဖို့ တောင်းဆိုနေသလို၊ ကေအန်ယူနယ်မြေထဲကို မြန်မာ့တပ်မတော်က ထိုးဖောက် နေရာယူထားတာကို ပြန်ဆုတ်ပေးဖို့ ကရင် အရပ်သားတွေက ဆန္ဒပြနေကြပါတယ်။ အတိတ်ရဲ့ သင်ခန်းစာ ပြီးပြည့်စုံတဲ့ နိုင်ငံရေးသဘောတူညီချက် မရမချင်း လက်နက်ကိုင်လမ်း စွန့်ဖို့ကိစ္စကို စဉ်းစားမှာ မဟုတ်ဘူးလို့ KNLA ရဲ့ သဘောထားဟာ အတိတ်က ခါးသီးတဲ့ အတွေ့အကြုံတွေကနေ ထွက်ပေါ်လာတာ ဖြစ်နိုင်ပါတယ်။ အရင်က အပစ်ရပ်စဲရေး သဘောတူညီချက်တွေဟာ နိုင်ငံရေး ဆွေးနွေးပွဲအထိ ခရီးမရောက်ဘဲ ခရီးတဝက်မှာပဲ အတင်းအကျပ် လက်နက်ဖြုတ်သိမ်းရေး၊ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် ဖိအားပေးခဲ့တဲ့ အဖြစ်အပျက်တွေ ရှိခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း အပစ်ရပ်စဲရေးကာလကို အင်အားတည်ဆောက်ရေးအတွက် အသုံးချခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် သေနတ်ကိုင်ထားတဲ့ အဖွဲ့တွေအနေနဲ့ အပြန်အလှန် ယုံကြည်မှု မတည်ဆောက်နိုင်ဘဲ အတိတ်က လုပ်နည်းလုပ်ဟန်တွေမှာပဲ တဝဲလည်လည် ဖြစ်နေရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ရှေ့မတိုးဘဲ နောက်ပြန်လန်ကျသွားနိုင်တဲ့ အခြေအနေတွေ ရှိနေပါသေးတယ်။ နေသွင်ညိဏ်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024